မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြောင့် သီးနှံမစိုက်ပျိုးနိုင်သည့် လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရန် ဒေသခံများမျှော်လင့်

မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြောင့် သီးနှံမစိုက်ပျိုးနိုင်သည့် လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုခွင့်ရရန် ဒေသခံများမျှော်လင့်
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - လာအို နယ်စပ်ဒေသ၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ခဲ့သည့် မြန်မာ - လာအို ချစ်ကြည်ရေး တံတားအတွက် ချဉ်းကပ်လမ်း ဖောက်လုပ်ပြီးနောက် လမ်းဘေးဝဲ/ယာရှိ လယ်ယာမြေများမှာ သီးနှံစိုက်ပျိုး၍ မရတော့သဖြင့် အခြားနည်းလမ်းဖြင့် အသုံးပြုခွင့်ရရှိရန် ဒေသခံလယ်ယာမြေပိုင်ရှင်များက မျှော်လင့်နေကြသည်။

တာချီလိတ်က လာလို့ရှိရင် ဘယ်ဘက်ခြမ်းကနေရာတွေဆို ညာဘက်ခြမ်းက ဆင်းတဲ့ရေကဘယ်လိုမှ မရောက်တော့ဘူး။ လမ်းဘောင်က ကာသွားတဲ့ အခါကျတော့။ လမ်းကြီးမှာမြောင်းတူးလို့လည်း မရတဲ့အခါ ဘယ်သူမှ မစိုက်တော့ဘူး။ စိုက်လို့မရတဲ့ အတူတူ ပစ်ထားကြတာ။ လမ်းဖောက်ကတည်းက ဒီတိုင်း ပစ်ထားရတာပေါ့။ အဆောက်အဦး ဆောက်ရင်လည်း ကန့်ကွက်တဲ့အတွက် မဆောက်ရဲကြဘူး။ ပစ်ထားတာ (၄)နှစ်ကျော်ပြီပေါ့

ဟု ကျိုင်းလပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဇော်က ပြောသည်။

၂၀၁၄ ခုနှစ်က မြန်မာ - လာအိုချစ်ကြည်ရေးတံတား ဖောက်လုပ်စဉ်က ပါဝင်ခဲ့သည့် လယ်မြေများအတွက် အစိုးရမှ လျော်ကြေးပေးအပ်ခဲ့သော်လည်း လမ်းဘေးဝဲ/ယာမှ လယ်မြေများမှာ စိုက်ပျိုးရေး အခက်အခဲကြောင့် သီးနှံ မစိုက်ပျိုးနိုင်ပဲ မြေလွတ်မြေရိုင်းများသဖွယ် ထားရှိနေရပြီး ကျိုင်းလပ်မြို့တွင် နေထိုင်သူ အများစုမှာ ရှမ်း၊ အာခါနှင့် လားဟူလူမျိုးများ အများဆုံးနေထိုင်ရာတွင် မြန်မာစကား တတ်မြောက်သူ နည်းပါးသဖြင့် အစိုးရရုံးဌာနများသို့ တင်ပြ ပြောဆိုရန် ခက်ခဲခြင်းကြောင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ပါတီခရီးစဉ်တွင် တင်ပြခဲ့ကြသည်။

သူတို့က အဲဒီလယ်တွေကို တခြားနည်း သုံးချင်တာလား။ အဲဒါကလည်း လုပ်ထုံးလုပ်နည်းရှိတယ်။ ကျွန်တော်တို့က လယ်ဆိုလို့ရှိရင် ဗဟိုက ကိုင်တယ်။ သီးနှံစိုက်လို့မရဘူး။ လယ်ကောသွားတယ်ဆိုလို့ရှိရင် ဒီလယ်ကောသွားတယ်။ သီးနှံစိုက်လို့ မရဘူး။ ဘာကြောင့်စိုက်လို့ မရဘူးလဲဆိုတော့ ဒီတံတားကြီး ဖောက်လိုက်လို့ ဒီလယ်တွေ ပျက်စီးသွားတယ်။ ရေဝင်သွားတယ်ဆိုရင် ပြည်နယ်အစိုးရကိုတင်။ ပြည်နယ်အစိုးရက လယ်ဆိုရင် ပြည်ထောင်စု ဗဟိုလယ်စီဆိုတာရှိတယ်။ အဲဒီကိုတင်လို့ရှိရင် အဲဒါ လယ်ကောသွားတဲ့ အတွက် သီးနှံစိုက်လို့မရဘူး။ ဆုံးဖြတ်လိုက်ပြီဆိုရင် အခြားနည်း သုံးခွင့်ရတယ်။ အဲဒါဆိုရင် ခုနပြောတဲ့ဟာလေးတွေ လုပ်လို့ရတယ်။ အဲဒီအဆင့်တော့ ဖြတ်ရမယ်။ ကြေးတိုင်နဲ့ မြေစာရင်း ဌာနနဲ့ ပြည်နယ်အစိုးရ ပေါင်းပြီးတော့ ဒီလယ်တွေဘာမှ စိုက်မရဘူးဆိုတာကို သက်သေ သာဓကနဲ့ တင်ရင်ရပါတယ်။ ဗဟိုလယ်စီကို တင်ရမယ်နော်

ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဌ (မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်) ဒေါက်တာဇော်မြင့်မောင်က ကျိုင်းလပ်ဒေသခံတစ်ဦးက ရှမ်းဘာသာဖြင့် တင်ပြမှုကို ဘာသာပြန် ဖြင့်ဖြေကြားခဲ့သည်။

တံတားချဉ်းကပ်လမ်းမှ ၁ မိုင် ၃ ဖာလုံအရှည်ရှိပြီး အဆိုပါလမ်းမကြီးဘေးရှိ လယ်မြေဧက ၅၀ နီးပါးမှာ စိုက်ပျိုး၍မရတော့ သဖြင့် ဈေးဆိုင်များဆောက်လုပ်ခြင်း၊ အခြားအဆောက်အဦးများ ဆောက်လုပ်လိုသော်လည်း လယ်ယာမြေစာရင်းမှ ပယ်ဖျက်ပေးခြင်း မရှိသောကြောင့် ဒေသခံပိုင်ရှင်များ အခက်အခဲတွေ့နေရပြီး စီးပွားရေးလုပ်ငန်းရှင်များက အဆိုပါလယ် မြေများကို ဝယ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း ဈေးနှိမ်မှုများရှိနေကြောင်း သိရသည်။