စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ပိန္နဲကုန်းရွာကို စစ်ကောင်စီလေတပ်က ၂၀၂၅ ခုနှစ် ဧပြီလ (၁၄)ရက်နေ့ နေ့လယ် (၁၁)နာရီ (၄၈)မိနစ်တွင် လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း သိရသည်။
"ဘုန်းကြီးကျောင်းကို ကျရောက်ပေါက်ကွဲခဲ့လို့ ဘုန်းကြီးဆောင်တွေ ထိခိုက်ပျက်ဆီးခဲ့ပါတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့သိရပြီး သေဆုံးတာတွေတော့ မရှိဘူးလို့ ကနဦးကြားသိရပါတယ်။"ဟု ဒေသအခြေစိုက် Indaw Revolution-IR က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် သင်္ကြန်အကြိုဖြစ်သည့် ယမန်နေ့ညပိုင်းကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံးကာ (၈)ဦး ဒဏ်ရာရခဲ့ပြီး လူနေအိမ် (၁၄)ဦး ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ (၂၈)ရက်နေ့ အင်အားပြင်းငလျင်ဘေး ကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်ကြမည်ဟု အဖွဲ့အစည်းအသီးသီးက ကြေညာထားကြသော်လည်း လေကြောင်းတိုက်ခိုက်မှုများ၊ တိုက်ပွဲများ ဒေသအသီးသီးတွင် ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကာလအတွင်း နယ်မြေအများအပြားကို ဆုံးရှုံးသွားသည့် စစ်ကောင်စီသည် ၎င်းတို့ မထိန်းချုပ်နိုင်သည့်ဒေသများ၌ အရပ်သားနေရာများပါမရှောင် လေကြောင်းမှ တောက်လျှောက် တိုက်ခိုက်နေခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: Indaw Revolution