သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သား(၄)ဦးဒဏ်ရာရ 

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သား(၄)ဦးဒဏ်ရာရ 
ဧပြီ 12, 2025 | အခြားဒေသများ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သား (၄)ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးသွားသည်ဟု ပြင်ဦးလွင်ခရိုင် ပကဖ ထံမှ သိရသည်။ 

၂၀၂၅ခုနှစ် ဧပြီလ (၁၁)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီလေတပ်သည် သပိတ်ကျင်းမြို့နယ် ကြက်ရိုးပင်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

တိုက်ခိုက်မှုကြောင့် အရပ်သား(၄)ဦး ဒဏ်ရာရရှိပြီး Golden Hill KTV အဆောက်အဦး အနည်းငယ်ပျက်စီးသွားကာ နွားတစ်ကောင် သေဆုံးသည်ဟု သိရသည်။ 

"ဗုံးသီးကြဲချသွားတာ။ ဗုံးသီးက တစ်ကြိမ် ပေါင် ၂၀၀ ဗုံးလို့ ကျွန်တော်တို့ ယူဆရတယ်ဗျ။ ဒဏ်ရာရသူတွေရဲ့ အသက်အရွယ်တော့ ကျွန်တော်တို့ မသိရေသးဘူးဗျ။"ဟု ပြင်ဦးလွင်ခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

စစ်ကောင်စီသည် သပိတ်ကျင်းမြို့နယ် တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၁၃)အနီးဝန်းကျင်သို့ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခြင်း၊ တိုက်ပွဲဖြစ်နေသည့် (၇)မိုင်အနီးဝန်းကျင်တို့ကို လေကြောင်း တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ 

"သူတို့ကတော့ လေကြောင်းတိုက်ခိုက်တာတွေ၊ စစ်ကြောင်းထိုးတာတွေ နားထားတယ်လို့ ပြောပေမယ့်လည်း သူတို့ရဲ့စိတ်က ဘယ်တော့မှ အမှန်မပြောဘူး။ ယုတ်မာတဲ့ စိတ်ပဲရှိတဲ့အတွက် အမြဲတမ်းပဲ ကြဲနေတာဗျ။"ဟု ၎င်းက ဆက်ပြောသည်။ 

သပိတ်ကျင်းမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားရာ ဒေသဖြစ်ပြီး ယမန်နေ့ကလည်း မတ္တရာမြို့နယ် အနောက်ခြမ်း ကျေးရွာတစ်ရွာကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။

မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ပြီး မြို့အရှေ့ဘက်ခြမ်း ကျေးရွာများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခြင်း ကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင်