ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံမိုးတောင်ရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သည်ဟု သိရသည်။
၂၀၂၅ခုနှစ် ဧပြီလ (၇)ရက်နေ့ နံနက်ပိုင်းက သံမိုးတောင်ရွာကို မီးရှို့ပြီးပြန်လာသော စစ်ကောင်စီစစ်ကြောင်းအား KNUတပ်မဟာ (၂) တပ်ရင်း (၅)လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ကီးကူစစ်ကြောင်း၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၄ တို့ပူးပေါင်းကာ ထုံးဘိုးကြီးကျေးရွာအထွက်တွင် ကြားဖြတ်တိုက်ခိုက်သည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။
ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲအပြီးတွင် စစ်ကောင်စီစစ်ကြောင်းမှာ ထုံးဘိုကြီးစခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး ထုံးဘိုကြီးရွာအတွင်းရှိ ဈေးဆိုင်များ၊ ကားများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးကာ လမ်းသွားလမ်းလာ ခရီးသည်များကို ရိုက်သွားသည်ဟု ဆိုသည်။
"အထိအခိုက်ကိုတော့ မသိရသေးပေမဲ့ တိုက်ပွဲဖြစ်ပြီး ၁ နာရီအကြာတွင် လူနာတင်ယာဉ်နှစ်စီး ထုံးဘိုကြီးစခန်းထိ မောင်းသွားပြီး ပြန်ဆင်းလာကြောင်းသိရပါသည်။"ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။
ထို့အအပြင် ဧပြီလ (၆)ရက်နေ့ နေ့လယ် (၂)နာရီအချိန်ကလည်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့က ကမ်းနီရွာမှ ကင်းပုန်းလာဝပ်သည့် ပျူစောထီးများကို သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲကြောင့် တောင်ငူ-လိပ်သိုလမ်းမကြီးပေါ်တွင် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိသာ သွားလာခွင့်ပြုထားပြီး အရေးပေါ်ကိစ္စများရှိပါက နီးစပ်ရာအဖွဲ့စည်းကို ဆက်သွယ်အကြောင်းကြားပြီးမှ သွားလာကြရန်လည်း တော်လှန်ရေးတပ်များက အသိပေးထားသည်။
#TachileikNewsAgency