အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား(၆)ဦး သေဆုံးရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။
မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်(၁)နှင့် အဆောင်(၂)တို့ ပြိုကျခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသူများထဲမှ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်း၊ မဖူးဝေဝေတို့ သေဆုံးသွားသည်ဟု သိရသည်။
“သေဆုံးတယ်ဆိုတဲ့ (၁၂)ဦးကတော့ ဆက်ပြီး အတည်ပြုနေဆဲဖြစ်ပါတယ်။ (၁၂) ဦးထဲကမှ (၆)ဦးရဲ့အမည်ကို အတည်ပြုနိုင်လို့ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသူတွေရဲ့ အမည်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachielik News Agency ကိုပြောသည်။
သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသူ (၆)ဦးမှာ ပုဒ်မ ၅၀၅၊ ၅၁၊ ၅၂ စသည့် အကြမ်းဖက်မှုပုဒ်မများဖြင့် မတရား ဖမ်းဆီးခံရသူများလည်း ပါဝင်သည်ဟု သိရသည်။
မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် အိုးဘိုထောင်တွင်းရှိ အမျိုးသားဆောင် အလုပ်ရုံပြိုကျခဲ့၍ အမျိုးသား (၂)ဦးလည်း သေဆုံးခဲ့ရသော်လည်း နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ထောင်ဝန်ထမ်းဟုတ်၊ မဟုတ်ကိုမူ မသိရသေးဟုလည်း ဆိုသည်။
“အကျဉ်းထောင်တွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းမှုနဲ့ အကျဉ်းထောင်ထိခိုက်မှုတွေ အစိုးရအဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေကိုတော့ တရားဝင် သတင်းထုတ်ပြန်တာမျိုး အခုအချိန်ထိ မတွေ့ရသေးဘူး။ နောက်တစ်ခုက သေဆံးမှုအရေအတွက်တွေ စစ်ကောင်စီပြောတဲ့အရေအတွက်တွေဟာ မြေပြင်နဲ့ ကင်းကွာမှုဖြစ်နေတယ်ဆိုတာ ဒီလိုအချက်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့က ထောက်ပြချင်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
အကျဉ်းထောင်တွင်း သေဆုံးမှုများကို တရားဝင်သတင်းထုတ်ပြန်၍ အသိပေးရန်လိုအပ်သော်လည်း စစ်ကောင်စီသည် မိသားစုဝင်များကို တွေ့ခွင့်မပေးခြင်း၊ အကျဉ်းသားများကို အဆောင်တစ်ခုနှင့် တစ်ခု သတင်းဖုံးကွယ်ထားခြင်းများမှာ ပြည်သူများနှင့် နိုင်ငံတကာက အာရုံစိုက်လာမည်ကို စိုးရိမ်၍ဖြစ်သည်ဟုလည်း ဆိုသည်။
#TachileikNewsAgency