အပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်ကောင်စီတပ်က ညောင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး သပိတ်ကျင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်

အပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်ကောင်စီတပ်က ညောင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး သပိတ်ကျင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်

အပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်ကောင်စီသည် မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေပြီး သပိတ်ကျင်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ယနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့၊ နေ့လည်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်အတွင်း (၇) မိုင်ကျေးရွာအနီးသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် နံနက်ပိုင်းကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ တင့်ကား (၂) စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် လမ်းတလျှောက်ကျေးရွာများဖြစ်သော မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာများရှိ ပြည်သူပိုင်နေအိမ်များကို ပွိုင့် (၅) စက်သေနတ်ကြီး အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ် တိုက်ခိုက်သည်ဟု ဆိုသည်။ 

အဆိုပါ အင်အား (၆၀၀)ခန့်ပါသော စစ်ကြောင်းသည် မတ်လ (၂၀) ရက်နေ့ကတည်းက ညောင်ဦးမြို့နယ်နှင့်ချောက်မြို့နယ်ကြားရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းနှင့်ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းများကို အဓမ္မခိုးယူလုယက်ခြင်းများ ပြုလုပ်နေခြင်းတို့ကြောင့် ဒေသခံ (၂၀၀၀၀) ခန့်စစ်ဘေးရှောင်နေရကြောင်း သိရသည်။  

အာဏာသိမ်း စစ်ကောင်စီတပ်သည် အပစ်ရပ်သည်ဟု ကြေညာသော်လည်း လက်တွေ့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် မြေပြင်စစ်ကြောင်း ထိုးခြင်းများ စဥ်ဆက်မပြတ် ပြုလုပ်နေသည်ဟု သိရသည်။