မလေးရှား နှင့် မြန်မာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့ စစ်ကိုင်းတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာ ကျောင်းအုပ်ဆရာမကြီး အလောင်း အပါအဝင် အလောင်း(၂)လောင်း တွေ့ရှိထားကြောင်း သိရသည်။
ကျောင်းအတွင်း ပိတ်မိပြီး သေဆုံးနေသည့် ကျောင်းအုပ်ဆရာမကြီး၏ အလောင်းကို နေ့လည်(၁၂)နာရီ (၄၅)မိနစ်အချိန်တွင် တွေ့ရှိရပြီး အခြား နောက်တစ်နေရာတွင် အသက်(၅၀)ကျော် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ညနေ(၄)နာရီ မိနစ်(၅၀)အချိန်က တွေ့ရှိရသည်ဟု သိရသည်။
မလေးရှားနိုင်ငံမှ ရောက်ရှိလာသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မုံရွာမြို့နယ်ရုံး)အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းကနေ ညနေပိုင်းအချိန်အထိ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့အတွင်း ပြိုကျ ပျက်စီးနေသည့် အဆောက်အဦးများအောက်တွင် ပိတ်မိနေသူများကို ဆက်လက်၍ ရှာဖွေ ကယ်ဆယ်ရေးများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မလေးရှားအဖွဲ့က အသိပေးထားသည်။
၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်သွားသည့် အင်အား ၇ ဒဿမ ၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် မန္တလေးနှင့် စစ်ကိုင်းတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပေါ်ခဲ့ကာ ယနေ့အထိ အပျက်အစီးပုံအောက် ပိတ်မိနေသူများကို ကယ်ထုတ်ရန် လိုနေသည့်အပြင် မရှင်းလင်းနိုင်သေးသည့် နေရာများတွင် ရုပ်အလောင်းများမှ အပုပ်နံ့များပါ ထွက်နေပြီဖြစ်သည်။