နိုင်ငံတော်ဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် (၇)ရက် သတ်မှတ်လိုက်ကြောင်း ကြေညာလာပြီးနောက် တာချီလိတ်ရွှေတိဂုံစေတီ၏ စိန်ဖူးတော်တင် အခမ်းအနား ရက်ရွှေ့ဆိုင်း

နိုင်ငံတော်ဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် (၇)ရက် သတ်မှတ်လိုက်ကြောင်း ကြေညာလာပြီးနောက် တာချီလိတ်ရွှေတိဂုံစေတီ၏ စိန်ဖူးတော်တင် အခမ်းအနား ရက်ရွှေ့ဆိုင်း
မတ် 31, 2025 | ရှမ်းရှေ့

နိုင်ငံတော်ဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် (၇)ရက် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်လိုက်သည့်နှင့် တပြိုင်နက် တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ရတနာစိန်ဖူးတော်တင် လှူခြင်း အခမ်းအနားကိုလည်း မူလသတ်မှတ်ရက်တွင် မကျင်းတော့ဘဲ ချက်ချင်း ခေတ္တရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ နေ့လည်မှာ နိုင်ငံတော်ဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ သတ်မှတ်လိုက်တဲ့ ကြေညာချက်  ထွက်လာတာနဲ့ ချက်ချင်း အခုလို ရက်ရွှေ့ဆိုင်းလိုက်တာပါ။ ဘယ်နေ့မှာ ကျင်းပမယ် ဆိုတာကိုတော့ ထပ်မံ အသိပေးကြေညာသွားမှာပါ။ ရွှေ့ဆိုင်းရက် သိပ်မကြာလောက်ဘူးလို့တော့ ခန့်မှန်းရပါတယ်"ဟု စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေး ဦးစီးကော်မတီ အဖွဲ့ဝင် တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ အခမ်းအနားအား ၂၀၂၅ခုနှစ် ဧပြီလ(၂)ရက်နေ့တွင်  ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း မမျှော်လင့်သော ဖြစ်စဉ်များကြောင့် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့က အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ၂၀၂၅ခုနှစ် မတ်လ(၃၁)ရက်နေ့ မှ ဧပြီလ(၆)နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် (၇)ရက် သတ်မှတ်ကြောင်းနှင့် သတ်မှတ်ထားသည့် (၇)ရက်အတွင်း နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချ၍ လွှင့်ထူထားရမည်ဟု စစ်ကောင်စီက ယနေ့ မတ်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းက ထုတ်ပြန် ကြေညာလာခြင်း ဖြစ်သည်။