တနင်္သာရီတိုင်း မြိတ်မြို့နယ် အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)ထံမှ သိရ သည်။
၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့က အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်ရှိ PDF နှင့် KNDO တပ်ရင်း(၇)တို့ပူးပေါင်း စစ်ရေးဂိတ်ကို အရပ်ဝတ်ဖြင့် ဖြတ်သန်းလာသည့် မြိတ်မြို့အခြေစိုက် အမှတ်(၁၀၃)ခြေလျှင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သိန်းထိုက်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ပူးပေါင်းဂိတ်မှာ စစ်ဆေးရင်းမိတာခင်ဗျ။ မသင်္ကာလို့ မေးမြန်းရင်းကနေ သူကိုယ်တိုင် ဝန်ခံတာပါ။ တပ်ကနေ စစ်မတိုက်ချင်လို့ မိဘအိမ်ပြန်ဖို့ဆိုပြီး ပြေးလာတာခင်ဗျ။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
၎င်းသည် ယာယီတပ်ရင်းမှူးဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်း လက်ရှိစစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလာသူဖြစ်ကာ အရပ်သားဟန်ဆောင်ကာ ခရီးသည်ယာဉ်လိုင်းမှတဆင့် ရန်ကုန်မြို့သို့ သွားရန် စီစဉ်ထားခြင်းဖြစ်သည်ဟု သိရသည်။
“လက်ရှိတော့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာရှိ၊ မရှိ စစ်ဆေးနေပါတယ်ဗျ။”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်အတွင်း နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီး လေကြောင်းမှတိုက်ခိုက်မှုများရှိနေသည်ဟုလည်း သိရသည်။
#TachileikNewsAgency