စစ်ကောင်စီ၏ တပ်မတော်နေ့ စစ်ရေးပြ အမျိုးသမီးစစ်သည် အများဆုံးပါဝင် 

စစ်ကောင်စီ၏ တပ်မတော်နေ့ စစ်ရေးပြ အမျိုးသမီးစစ်သည် အများဆုံးပါဝင် 
မတ် 27, 2025

အာဏာသိမ်းစစ်ကောင်စီ၏ တပ်မတော်နေ့ စစ်ရေးပြ ချီတက်တပ်ဖွဲ့တွင် အမျိုးသမီးစစ်သည်များကို အများဆုံး အသုံးပြုနေရသည်ကို စစ်ကောင်စီ၏ သတင်းဖော်ပြချက်အရ သိရသည်။ 

ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် ချီတက်အလေးပြုပွဲတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားပြုများကို အမျိုးသမီးစစ်သည်များအား အများဆုံး ထည့်သွင်း အသုံးပြုထားသည်ဟု သိရသည်။ 

မြန်မာနိုင်ငံတဝှမ်း စစ်ရေးရှုံးနှိမ့်နေပြီး စစ်ပြင်နေရသည့် စစ်ကောင်စီသည် စစ်ရေးပြအခမ်းအနားကို ယခင်ကကဲ့သို့ တပ်ရင်း၊ တပ်ဖွဲ့များထံမှ ထုတ်နှုတ်အင်အားများကို မသုံးစွဲနိုင်တော့သည်ကို တွေ့ရသည်။ 

အာဏာသိမ်းပြီး (၄)နှစ်အကြာတွင် တပ်သားအင်အားပြုန်းတီးပြီး စစ်မှုထမ်းဥပဒေဖြင့် အဓမ္မတပ်သားစုဆောင်းနေရချိန်တွင် စစ်ချီတက်မှုကို အမျိုးသမီးစစ်သည်များကို ပိုမိုအသုံးပြုလာရခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ ဖော်ပြချက်တွင် ကြည်း၊ ရေ၊ လေမှ အရာရှိစစ်သည်များ၊ ကြည်း အမျိုးသမီးစစ်ရေးပြ တပ်ခွဲ၊ ရဲတပ်ဖွဲ့ အမျိုးသမီး တပ်ခွဲတို့ဖြင့် စစ်ရေးပြ ခဲ့ရသည်ဟု ဖော်ပြသည်။

စစ်ရေးပြအခမ်းအနားတွင် တိုင်းစစ်ဌာနချုပ်အလိုက် ကိုယ်စားပြု စစ်ကြောင်းများ ပါဝင်ခဲ့သော်လည်း အာရက္ခတပ်တော်(AA)သိမ်းထားသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ကြောင်း မပါဝင်သည်ကို တွေ့ရသည်။ 

သို့သော်လည်း MNDAA သိမ်းထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုစစ်ကြောင်း ပါဝင်လာသည်ကို တွေ့ရသည်။

#TachileikNewsAgency