နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီလေတပ် ဗုံးကြဲချ၍ အရပ်သား ၄ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီလေတပ် ဗုံးကြဲချ၍ အရပ်သား ၄ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ
မတ် 27, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ကျေးရွာများကို ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ (၄)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသည်ဟု TNLA ထံမှ သိရသည်။ 

နောင်ချိုမြို့နယ်အစပ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲများ ပြင်းထန်နေချိန် ညပိုင်းတွင်း စစ်ကောင်စီလေတပ်က အုမ္မခါး၊ သုံးဆယ်နှင့် ရွှေညောင်ပင်ကျေးရွာများကို ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး(၅)ကြိမ် ကြဲချတိုက်ခိုက်သည်ဟု ဆိုသည်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဆယ်ကျေးရွာမှ အရပ်သား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အုမ္မခါးကျေးရွာမှ ဒေသခံ(၄)ဦးလည်း ဒဏ်ရာရရှိသည့်အပြင် နေအိမ်အများအပြား ဗုံးစထိမှန်ပျက်စီးသွားသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် မတ်လ (၁၆)ရက်နေ့ ညနေပိုင်းတွင်လည်း နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက်အား စစ်ကောင်စီလေတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် အရပ်သား(၉)ဦး သေဆုံးခဲ့ပြီး (၁၇)ဦး ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် TNLA တို့သည် နောင်ချိုမြို့နယ်နှင့် မိုင်(၂၀)ဝန်းကျင်ဝေးသည့် တောင်းခမ်းဒေသ မဲပုတ်ရွာအနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

မဲပုတ်ရွာနှင့် တောင်းခမ်းဒေသတဝိုက်တို့တွင် စစ်ကောင်စီ၏ အမြှောက်တပ်ရင်းများရှိပြီး TNLA က အဆိုပါ တပ်ရင်းများကို ပြီးခဲ့သည့်နှစ်က သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က သာလွန်အင်အားဖြင့် တိုက်ခိုက်လာသဖြင့် ပြန်လည်ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News