တာချီလိတ်ညဈေးမှ ဈေးသည်များ ရောင်းမကောင်း၍ နေရာဟောင်းတွင် ပြန်လည်ရောင်းချသည်ကို စည်ပင်က လာရောက် တားမြစ်ပြီး အောင်မြတ်ခန်းမတွင် တွေ့ဆုံ ညှိနှိုင်းပေးမည်ဟု ဆို

တာချီလိတ်ညဈေးမှ ဈေးသည်များ ရောင်းမကောင်း၍ နေရာဟောင်းတွင် ပြန်လည်ရောင်းချသည်ကို စည်ပင်က လာရောက် တားမြစ်ပြီး အောင်မြတ်ခန်းမတွင် တွေ့ဆုံ ညှိနှိုင်းပေးမည်ဟု ဆို
မတ် 27, 2025 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုဖြင့် ဖွင့်လှစ်ပြီး တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြားခံဖြင့် ဦးအောင်မျိုးမင်းဒင်၏ Mahar Golden Triangle ကုမ္ပဏီအား လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်သည့် တာချီလိတ်ညဈေးတွင် ဈေးသည်များသည် ရောင်းမကောင်း၍ ယခင်နေရာဖြစ်သည့် ဆေးရုံဟောင်းရှေ့သို့ ယနေ့ မတ်လ(၂၇)ရက်နေ့ ညနေပိုင်းတွင် ပြန်လည် ရွှေ့ပြောင်းရောင်းချကြရာ စည်ပင်သာယာရေးဌာနက လာရောက်တားမြစ်ပြီး ဈေးသည်များနှင့် အောင်မြတ်ခန်းမတွင် တွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု လိုက်လံပြောကြားကြောင်း သိရသည်။



တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အဖွဲ့ဖြင့် ယနေ့ မတ်လ(၂၇)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်တွင် ရောက်ရှိလာပြီး အသံချဲ့စက်ဖြင့် "တာဝန်ရှိသူများအနေဖြင့် ဈေးသည်များ၏ အခက်အခဲများအား သိရှိပြီး ဖြစ်၍ အစည်းအဝေးခေါ်ယူကာ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ယခုဈေးရောင်းချနေသော ဈေးသည်များအနေဖြင့် ဈေးရောင်းချခွင့် မရှိသော နေရာများတွင် ဆက်လက်ရောင်းချခြင်း မပြုကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" လိုက်လံ အသိပေးခြင်း ဖြစ်သည်။



တာချီလိတ်ညဈေးတွင် ဈေးသည် (၄၀၀)ကျော်ရှိပြီး ယနေ့တွင် ဈေးသည်အများအပြားမှာ နေရာဟောင်းဖြစ်သည့် ဆေးရုံဟောင်းရှေ့တွင် ခင်းကျင်းရောင်းချနေသလို အချို့ဈေးသည်များမှာလည်း ညဈေးနေရာတွင် ဆက်လက်ရှိနေပြီး အခြေအနေ စောင့်ကြည့်နေကြခြင်း ဖြစ်ကြောင်း သိရသည်။



"အောင်မြတ်ခန်းမမှာ နက်ဖြန်တွေ့မယ်လို့တော့ ပြောတာပဲ။ သေတော့ မသေချာသေးဘူး။ ဈေးသယ်တွေကတော့ နှစ်ဖွဲ့ခွဲထားတာပေါ့။ တစ်ဖွဲ့ကတော့ အရင်ဆုံး နေရာဟောင်းမှာ လာရောင်းကြတယ်။ နောက်ရက် ကျန်တဲ့ ဈေးသည်တွေလည်း အရင်လို နေရာအနှံ့မှာ ပြန်ရောင်းကြမယ်ပေါ့။ အဲ့လိုမှလည်း ကျွန်မတို့ အဆင်ပြေမှာလေ။ အဲ့ဒါကို စည်ပင်က လာတားတယ်။ ကျွန်မတို့အဖြစ်က ဈေးကောက် ကောက်စားတဲ့ ကုမ္ပဏီ နဲ့ သက်ဆိုင်ရာတွေကို အဆင်ပြေအောင် အရင်းပြုတ်ခံပြီး ပေးဆပ်နေရသလို ဖြစ်နေတယ်"ဟု ဈေးသည်တစ်ဦးက Tachileik News Agency သို့ ပြောသည်။





တာချီလိတ်ညဈေးအား ပြည်သူပိုင်လမ်းဖြစ်သည့် ရီဂျီနားဂေါက်ကွင်း( မဟာရွှေတြိဂံဂေါက်ကွင်း)သွားလမ်းပေါ်တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ဈေးဖွင့်လှစ်ပြီး (၁)လကျော်အကြာတွင် ထင်သလောက် ရောင်းမကောင်းမှုကြောင့် အရင်းပြုတ်၍ ဈေးလာမရောင်းနိုင်တော့သည့် ဈေးသည်များစွာလည်းရှိနေသလို ကုမ္ပဏီအား တစ်နေ့လျှင် ဘတ်(၅,၀၀၀)ပေးရသည့် အပျော်စီး ပင်လယ်ဓါးပြလှေလည်း နေ့တွက်မကိုက်၍ မတ်လ(၂၄)ရက်နေ့က ပိတ်သိမ်းသွားရသည်။





"ကျွန်မတို့ ဈေးသည်များအားလုံးအနေနဲ့ ဒီတစ်လကျော်အတွင်းမှာ အခက်အခဲတွေ ဘယ်လောက် ကြုံတွေ့ခဲ့ရတယ်။ အရင်းပြုတ်သူတွေ ဘယ်လောက်ထိ ရှိသွားတယ်ဆိုတာကို အားလုံးအသိပါပဲ။ အိမ်လခတွေ နဲ့ အထွေထွေစားရိတ်တွက် ပူရတဲ့အပြင် လျှပ်စစ်မီးက (၂၄)နာရီ မရတော့ စားသောက်ကုန်တွေက ကြာကြာအထားမခံဘူး။ အဲ့လိုတွေကြောင့် အခက်အခဲအများကြီး ဖြစ်နေတာ။ ဖြစ်နိုင်ရင် ဒီနေရာကနေ ပြောင်းပေးစေချင်တာပေါ့။ အောင်မြတ်ခန်းမမှာ တွေ့ဆုံကြရင်လည်း ဈေးသည်များအားလုံးလည်း မကြောက်မရွံ့ပဲ တင်ပြကြဖို့လိုတယ်"ဟု ဈေးသည်တစ်ဦးက ပြောသည်။





တာချီလိတ်မြို့ပေါ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး တလျှောက်ရှိ ညပိုင်း ဈေးသည်များအားလုံးကို စုစည်းပြီး ဂေါက်ကွင်းသွားလမ်းတွင် တာချီလိတ်ညဈေးအဖြစ် ဖွင့်လှစ်ကာ ရောင်းချစေသော်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်သည့် အခြေအနေများဖြစ်ပေါ်ပြီး ဈေးသည်များအတွက် အရင်းပြုတ်သည့် အခြေအနေနှင့်ရင်ဆိုင်နေရ၍ နေရာဟောင်းတို့တွင် ပြန်လည်ရောင်းချလိုကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြင်ဆင်ဖြည့်စွက်ချက်

စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာများက ညဈေးသူဈေးသားများနှင့် မတ်လ(၂၈)ရက်နေ့ နေ့လယ်(၁)နာရီအချိန် အောင်မြတ်ခန်းမတွင် တွေ့ဆုံ ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။



- ဆက်စပ်သတင်း -



ခရိုင်အုပ်ချုပ်ရေးမှူး နှင့် စည်ပင် တာဝန်ရှိသူတို့၏ လစ်လျူရှူခံထားရသည့် ပုဂ္ဂလိက ကုမ္ပဏီလက်ထဲက တာချီလိတ်ညဈေးရဲ့ ဈေးသည်များ အခြေအနေ

အပြည့်အစုံဖတ်ရန် - https://www.tachileik.net/mm/news/39444