ခရိုင်အုပ်ချုပ်ရေးမှူး နှင့် စည်ပင် တာဝန်ရှိသူတို့၏ လစ်လျူရှူခံထားရသည့် ပုဂ္ဂလိက ကုမ္ပဏီလက်ထဲက တာချီလိတ်ညဈေးရဲ့ ဈေးသည်များ အခြေအနေ

ခရိုင်အုပ်ချုပ်ရေးမှူး နှင့် စည်ပင် တာဝန်ရှိသူတို့၏ လစ်လျူရှူခံထားရသည့် ပုဂ္ဂလိက ကုမ္ပဏီလက်ထဲက တာချီလိတ်ညဈေးရဲ့ ဈေးသည်များ အခြေအနေ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုဖြင့် ဖွင့်လှစ်ပြီး တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြားခံဖြင့်  ဦးအောင်မျိုးမင်းဒင်၏  Mahar Golden Triangle ကုမ္ပဏီအား လုပ်ပိုင်အပြည့်အဝ ပေးလိုက်ပြီးနောက် ညဈေးရှိ ဈေးသည် (၄၀၀)ကျော်မှာ ဈေးရောင်းမကောင်းဘဲ အရင်းပြုတ်၍ ဈေးမရောင်းနိုင်တော့သည့် အခြေအနေများထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတလျှောက် ညနေပိုင်းကနေ ညအထိ ဖွင့်လှစ်သည့် ဈေးသည်များကို ညဈေးနေရာသစ်သို့ နေရာမပြောင်းရွှေ့ပါက အရေးယူမည်ဟု ခြိမ်းခြောက်ပြီးနောက် အားလုံးကို ဂေါက်ကွင်းဘေးရှိ တာချီလိတ်ညဈေးနေရာသို့ စုပြုံပြောင်းရွှေ့ကာ ဈေးရောင်းစေခြင်း ဖြစ်သည်။

တာချီလိတ်ညဈေးအား ပြည်သူပိုင်လမ်းဖြစ်သည့် ရီဂျီနားဂေါက်ကွင်း( မဟာရွှေတြိဂံဂေါက်ကွင်း)သွားလမ်းပေါ်တွင် ပြုလုပ်ထားခြင်း ဖြစ်ပြီး ညဈေးဖွင့်လှစ်ရေးအတွက် ဦးဆောင်သူမှာ မကြာသေးမီက ဘုတ်ပြင်းခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့သွားသည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက ဦးဆောင်ကာ ဖွင့်လှစ်စေခဲ့ခြင်းဖြစ်ပြီး Mahar Golden Triangle ကုမ္ပဏီ မှ  ဦးအောင်မျိုးမင်းဒင် အား လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

ယခုအခါ  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုသည် နယ်ပြောင်းတာဝန်ထမ်းဆောင်သွားပြီဖြစ်၍ အဆိုပါ ညဈေး၏ ကြပ်မတ်မှုကို လက်ရှိ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်တို့မှ  မြေပြင်အခြေအနေများကို လက်တွေ့လေ့လာပြီး ကုမ္ပဏီ၏ အကျိုးစီးပွားထက် ဈေးသည်များ၏ အကျိုးစီးပွားကို ဦးစားပေးကာ လုပ်ဆောင်ရမည့် အခြေအနေ ဖြစ်နေသည်။

တာချီလိတ်မြို့ညဈေး( Tachileik Night Market )တွင် အဝတ်အထည်နှင့် လက်ဆောင်ပစ္စည်း ဆိုင်ခန်း(၃၅)ခန်း၊ အသီးအနှံဆိုင်ခန်း (၇)ခန်း၊ အအေးမျိုးစုံဆိုင်ခန်း (၁၆၇)ခန်း (၁၀)ပေ (၆)ပေ လက်တွန်းလှည်းနေရာ (၆၀)နေရာ၊ (၁၀)ပေ ပတ်လည် မိုးကာတဲ နေရာ (၂၂၉)နေရာ၊ (၁၀)ပေ (၆)ပေ သုံးဘီးနှင့်ဘေးတွဲ အတွက် (၄၆)နေရာ၊  ကားနှင့်ဆိုင်ကယ် ရပ်နားနေရာ (၂)နေရာ ပါရှိသည်။



ဈေးသည်များ အရင်းပြုတ်သည့် နည်းသူ ညဈေးတွင် ဖွင့်လှစ်သည့် အပျော်စီး ပင်လယ်ဓါးပြလှေသည်  တစ်နေ့လျှင် ဘတ်(၅၀၀၀)ပေးရခြင်းဖြစ်ကြောင်း နှင့် လက်ရှိအခြေအနေအရ နေ့တွက်မကိုက်၍ တစ်နေ့လျှင် ဘတ်(၃၀၀၀)ပဲယူရန် ညှိနှိုင်းသော်လည်း ကုမ္ပဏီဘက် လျှော့မပေး၍ ပိတ်သိမ်းသွားရခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

တာချီလိတ်ညဈေး(Tachileik Night Market)အား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၇)ရက်နေ့ဆိုလျှင် (၁)ကျော်လာပြီ ဖြစ်သည်။ 

လက်ရှိတွင် ဈေးသည်များအနေဖြင့် ယခင် လမ်းဘေးတွင် ရောင်းချသလို ရောင်းမကောင်းတော့ဘဲ အရင်းပြုတ်သွားသည့် ဈေးသည် အများအပြား ရှိလာနေသလို ပြည်သူပိုင်လမ်းပေါ် ဈေးကောက် ကောက်သည့် Mahar Golden Triangle ကုမ္ပဏီက တာဝန်ရှိသူများမှာ ဈေးသည်များအပေါ် မချေမငံပြောဆို ဆက်ဆံမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းများနှင့် ပတ်သက်၍ ဈေးသည်များ၏ ဖွင့်ဟ ပြောဆိုချက်များကို Tachileik News Agency က ဖော်ပြပေးလိုက်ပါသည်။



- အရင်လို အဆင်မပြေ -

စစဖွင့်ချိန်တုန်းကလောက် ရောင်းမကောင်းတော့ဘူး။ ခါတိုင်း လမ်းဘေးမှာ ရောင်းတုန်းက တညကို သောင်းချီရောင်းရတာ။ အခု ဒီနေရာသစ်မှာတော့ (၃/၄)ထောင်လောက်ပဲ ရောင်းရတော့တယ်။ အလုပ်သမားခတွေ၊ အိမ်ငှားခတွေ နဲ့ တစ်ရက်တစ်ရက် အရင်းအနှီးအတွက် ကြာလာတော့ တောင့်မခံနိုင်တော့ဘူး။



- ဆိုင်မှာလည်း ထိုင်စားခွင့်မပေးသလို ထိုင်စားလို့ရတဲ့ နေရာတွေလည်း မစီစဉ်ပေးတော့ဘူး -

ညဈေးကို စနစ်တကျဖြစ်ဖို့ ထိုင်စားလို့ရတဲ့ ခုံနေရာတွေ စီစဉ်ပေးထားတယ်။ ဥပမာ တဲ(၃၀)မှာဆိုရင် ကြားထဲမှာ ခုံ(၄)ခုံ ချပေးတယ်။ အဲ့နေရာမှာက ဘယ်သူမဆို သွားထိုင်စားလို့ရတယ်။ ပြောရရင် ဆိုင်တွေမှာ ဝယ်ပြီးတော့ အဲ့ဒီအစားအသောက်ကို ယူပြီး ထိုင်စားလို့ရမဲ့ နေရာပေါ့နော်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဈေးသည်တွေ အရင်းပြုတ်ပြီး လာမရောင်းနိုင်တော့တဲ့ ဈေးသည်တွေ တဖြေးဖြေး လျော့နည်းလာတော့ သူတို့ ဈေးကောက်ဝင်ငွေလည်း လျော့သွားပုံရတယ်။ အဲ့တော့ ထိုင်စားလို့ရမဲ့ ခုံတွေလည်း မချပေးတော့ဘူး။ 

သူတို့က အစည်းအဝေးမှာတုန်းက စားဝိုင်းခုံတွေ ချမယ်လို့ပြောပြီးမှ အခုတော့ အမျိုးမျိုး ပြန်ပြင်တယ်။ တကယ်က သဘောတူထားရင် မဖြစ်မနေ ချကို ချပေးရမှာ မဟုတ်ဘူးလား။ နောက်ပိုင်း အရင်းပြုတ်လို့ ဈေးသည်တွေ လာမဖွင့်နိုင်ကြတော့ ဈေးကောက်ရတာ နည်းသွားတဲ့အတွက် သူတို့က ဝန်ထမ်းလျှော့လိုက်တော့ စားဝိုင်းခုံတွေ လာမချပေးနိုင်တော့ဘူးဆိုတာမျိုး အကြောင်းပြတယ်။ ဈေးမထွက်ဖြစ်တဲ့နေရာကို တခြား ရောင်းမကောင်းတဲ့လူကို ပေးတယ်ဆိုတာက လက်ခံလို့ရသေးတယ်။ အခုက စားဝိုင်းခုံချရမဲ့နေရာကို ပေးလိုက်တာက လက်ခံလို့ မရဘူး။ စားဝိုင်းခုံချတဲ့နေရာကို ကြိုက်တဲ့လူဝင် ငါတို့ဈေးကောက်ရရင်ပြီးဆိုရင်ဆိုပြီး လုပ်တာ။ ထိုင်စားခုံထားရမဲ့ နေရာတွေကိုလည်း မထားတော့ဘဲ ဈေးသည်တွေနဲ့ နေရာအစားထိုးလိုက်ကြတယ်။ အဲ့တော့ ထိုင်စားလို့ရမဲ့ နေရာ မရှိတော့ဘူး။ သူတို့က ဆိုင်မှာလည်း ထိုင်စားခွင့် မပေးဘူး။  သွားပြောတော့လည်း ကျွန်တော်တို့ဘက်က ဘာမှမလုပ်ပေးနိုင်ဘူးဆိုပြီး ပြောတယ်။ လက်ထောက်ကောင်က စကားပြောတာ ပိုဆိုးတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်။ 



- ငါတို့ကို နင်တို့ ကျေးဇူးတင်သင့်တယ် - 

စားခုံနေရာတွေ မရှိတော့ ကျွန်တော်တို့ ဆိုင်ခန်းဘက်နေရာမှာ နည်းနည်းလေး နေရာလွတ်လို့ စားခုံ ချပြန်တော့လည်း ပြဿနာလိုက်ရှာကြတယ်။ အဲ့လို စားခုံတွေ ချတာနဲ့ ပတ်သက်ပြီး သူတို့က ဈေးကောက် ပိုမကောက်တာကို ကျေးဇူးတင်ဆိုပြီး မောက်မောက်မာမာ ပြောတယ်။  နင်တို့ ရောင်းမကောင်းလို့ ငါတို့က နားလည်မှုနဲ့ မပြောတာဆိုပဲ။ အမှန်တကယ်ဆို ဒီလိုညဈေးမှာ မင်းတို့အတွက် ကောက်ထားတာ (၁၀)ပေ စာပဲပေါ့။ (၁၀)ပေထက် ကျော်သွားရင် မင်းတို့နားက တစ်ခုံကို ဘယ်လောက် ကောက်လို့ရတယ်ပေါ့။ အဲ့လို မကောက်တာ ကျေးဇူးတင်ဆိုပြီး ပြောတယ်။ တခုခုလေး ဈေးသည်တွေက သွားပြောရင် သူတို့တွေက ဘာမှ မလုပ်ပေးဘူး။ ခင်ဗျားတို့ ပေးထားတဲ့ ဘတ်(၃၀)ဆိုတာ အခုလက်ရှိ တဲချတဲ့နေရာပဲ။ တဲအနောက်နဲ့ အရှေ့က မပါဘူး။ အနောက်နဲ့အရှေ့ကို ကျော်ပြီး ခင်းထားတာကိုတောင် ပိုက်ဆံ ထပ်မကောင်းတာတောင် ကျေးဇူးတင်တဲ့။ မဟုတ်ရင် တစ်ခုံ ဘယ်လောက်ဆိုပြီး ကောက်လို့ရတယ်တဲ့။   



- ရောင်းမကောင်းရင် လျှော့လုပ် ဆိုတဲ့ ကုမ္ပဏီဘက်က ပြောစကား -



ကျွန်မတို့ ဈေးရောင်းရတာ ရောင်းမကောင်းတဲ့အတွက် အဆင်မပြေပါဘူးလို့ ပြောတာကိုလည်း လက်မခံဘူး။ သူတို့ပုံစံက နင်တို့ အဆင်ပြေပြေ မပြေပြေ ငါတို့ဈေးကောက်ရဖို့ အရေးကြီးတယ်ဆိုတဲ့ ပုံစံမျိုး ပြောဆိုနေတာ။ ရောင်းမကောင်းဘူးဆိုတဲ့အကြောင်း ပြောရင်လည်း  ရောင်းမကောင်းရင် လျှော့လုပ်တဲ့ ကျွန်တော်တို့က ဘာမှမလုပ်ပေးနိုင်ဘူးတဲ့။ သူတို့ဘဲ အစက  ဒီဘက်ကို ရွေ့လာရတဲ့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိလို့ ရောင်းကောင်းအောင် လုပ်ပေးပါ့မယ်ဆိုပြီး ပြောထားတာ။ အခုရောင်းမကောင်းတော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးလေတဲ့။ လျှော့ရင်းလျှော့ရင်းနဲ့ ကျွန်တော်တို့မှာ ကုန်ကျစရိတ်တွေအပြင် ဆိုင်အလုပ်သမားတွေအတွက် လစာတွေနဲ့ ကြာလာတော့ အဆင်မပြေတော့ဘူး။ ပြောရင်လည်း တာဝန်ယူမှု တာဝန်ခံမှုမရှိကြဘူး။ 



- အမှိုက်ပြဿနာ -

အမှိုက်ဆိုလည်း သူတို့ သတ်မှတ်ထားတာ နေ့လည်(၃)နာရီကနေ ည(၁)နာရီအထိ သတ်မှတ်ထားပေမဲ့ ဆိုင်တောင် မသိမ်းရသေးဘူး ည(၉)နာရီကျော်ပဲ ရှိသေးတယ်။ အမှိုက်တွေ လာသိမ်းသွားပြီ။ တကယ်ဆို ဆိုင်တွေသိမ်းမှ အမှိုက်လာသိမ်းရမှာကို  ည(၉)နာရီကျော်မှာ လာသိမ်းတော့ အမှိုက်တွေက ကျန်ရော။ အဲ့တော့ ကျန်နေတဲ့ အမှိုက်တွေရဲ့ ဆိုင်တွေကို မှတ်ထား အရေးယူမယ်ဆိုပြီး ပြောပြန်တယ်။  

- ဈေးရောင်း မကောင်းထဲကြားထဲ ဂေါက်သီးကိုလည်း လန့်ရသေး - 

ဈေးရောင်းမကောင်းရတဲ့အထဲ ညနေပိုင်းဆိုရင် ဘယ်ချိန် ဂေါက်သီးမှန်မလဲဆိုပြီး လန့်နေရသေးတာ။ တနေ့ကလည်း ကောင်မလေးတစ်ယောက် သူ့ကလေးနဲ့ စားဝိုင်းမှာ ထိုင်နေတာ ဂေါက်သီးက ခေါင်းပေါ်ကနေ ကျော်သွားတယ်။ အားလုံးကလည်း လန့်သွားကြတာ။ တော်သေးတယ် အဲ့ဒီ ကလေးရဲ့ ခေါင်းကိုမထိဘဲ ကျော်သွားလို့။ မဟုတ်ရင် မတွေးရဲစရာပဲ။ ညနေပိုင်းဆို ဂေါက်သီးက ဈေးဆိုင်တွေဘက် ခဏခဏ ရောက်တယ်။ သွယ် ဟော့ပေါ့ဘက်နဲ့ ဇန်းမွန်ဟိုတယ်ဘက်ဆိုလည်း ခဏခဏ ဂေါက်သီးမှန်တယ်လို့ ကြားတယ်။ ဂေါက်ကွင်းကို လုပ်ပိုင်ခွင့်ရထားတဲ့ လူကလည်း ငွေရဖို့တခုပဲသိပုံရတယ်။ ဂေါက်ကွင်းမှာ အရင် ထိုင်း ရီဂျီးနားလုပ်ငန်းရှင်လို စနစ်တကျ ကာရံဖို့ မစဉ်းစားဘူးလားမသိဘူး။



- ဆိုင်ကယ်ရပ်နားခ -

ဆိုင်ကယ်ရပ်နားခကလည်း ကောက်သေးတယ်။ (၂၀)ဘတ် ဖိုးလောက် စားမဲ့လူက ဆိုင်ကယ်ရပ်ခ (၁၀)ဘတ်ကို  ခွဲပေးလိုက်ရတော့ လူတွေကလည်း မလာချင်ကြတော့ဘူး။ ဆိုင်ကယ်အပ်ပြီး တကူးတကဆင်းပြီး မလာကြတော့ဘူး။ ဆိုင်ကယ် မအပ်ချင်လို့ အနီးဝန်းကျင်မှာ ရပ်ရင်လည်း ခိုးခံရတယ်။ အဲ့တော့ ကြာလာတော့ လူတွေက မလာကြတော့ဘူး။ နောက်ဆုံး ဟုန်လုံဈေးမှာ သွားစည်တယ်။ ဆိုင်ကယ်မအပ်ချင်ရင် လာမဝယ်နဲ့ဆိုတာမျိုးကလည်း အဆင်မပြေဘူး။ ဒါက မြို့မဈေးထဲမှာလို ဈေးသွားဝယ်တာမျိုးမဟုတ်ဘူး။ တချို့ဆို (၂၀)ဖိုးလောက်ပဲ လာဝယ်တာမျိုးရှိတယ်။ အဲ့တော့ ဝယ်မှာက (၂၀)ဖိုး။ ဆိုင်ကယ်အပ်ခက (၁၀)ဘတ်ပေးလိုက်ရတော့ စားသုံးသူတွေလည်း စဉ်းစားပြီပေါ့။



 - အရင်လို လမ်းပေါ် တက်ရောင်းရင် ဖမ်းမယ်လို့ စည်ပင်က ခြိမ်းခြောက် -

မိန်းလမ်းပေါ် တက်ရောင်းရင် ဖမ်းမှာလို့ စည်ပင်က ခြိမ်းခြောက်ထားတယ်။ ဖမ်းမှာဆိုတော့ ဘယ်သူမှ လမ်းပေါ် တက်မရောင်းရဲကြဘူး။  ဒီနေရာမှာကလည်း ရောင်းကောင်း သလားဆိုတော့ မရောင်းမကောင်းဘူး။ အဲ့တော့ အဆင်မပြေကြဘူး။ တချို့ဆို အရင်းတွေ ပြုတ်ကုန်တယ်။ အစတုန်းကဆိုရင် ထိပ် နှစ်ဖက်ပဲ မရောင်းရတာ။ အလယ်ပိုင်းက နည်းနည်း ရောင်းရသေးတယ်။ အခုတော့ အလယ်ပိုင်းနေရာတွေဘက်လည်း မရောင်းရတော့ဘူး။ လူလာသူ အတော် နည်းပါးသွားတယ်။ တဖြေးဖြေး စည်းကားရမဲ့ဟာကို တဖြေးဖြေးနဲ့ ပိုပိုနည်းလာတယ်။ 

နောက်ဆုံး မခံနိုင်တော့ ကျွန်မတို့ ဒီနေရာမှာ ဈေးရောင်းမကောင်းလို့ အရင်နေရာမှာ သွားရောင်းမယ်ဆိုပြီး လုပ်တော့ စည်ပင်က ဘယ်လို သတင်းကြားလဲမသိဘူး အုပ်စုလိုက်ကြီး ရောက်လာပြီးတားတယ်။ ခင်ဗျားတို့ လမ်းပေါ်ထွက်ရောင်းရင်    သူတို့ဘက်က ဖမ်းခိုင်းရင် ကျွန်တော်တို့က တားဆီး အရေးယူ ဖမ်းဆီးရမယ်လို့ပြောတယ်။ နောက်ပြီး  ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ထိပ်တိုက်မတွေ့ချင်ဘူးဆိုပြီး စည်ပင်က လူတွေက ရင့်ရင့်သီးသီး ပြောတယ်။ သူတို့ အောင်မြတ်ခန်းမမှာတုန်းက ဈေးသည်တွေ ရောင်းကောင်းအောင် လုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးတုန်းက ပေးပြီးတော့  အခု ဈေးသည်တွေ ရောင်းမကောင်းလို့ အရင်းပြုတ်တော့ အရင်နေရာမှာပဲ သွားရောင်းမယ် ပြောတော့  ဂေါက်ကွင်းက လူတွေက အရေးယူခိုင်းရင် အရေးယူမှာ လို့ ပြောတယ်။ အဲ့တော့ ဂေါက်ကွင်းက လူတွေနဲ့ စည်ပင်နဲ့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်း နှစ်ဖက်လုံးအတူတူ ဖြစ်မနေဘူးလား။ 



- နင်တို့က ဆွဲဆောင်မှုရှိအောင်မှ မလုပ်ရောင်းတာ -

အသိဈေးသည်တစ်ယောက်ဆို ဈေးရောင်းမကောင်းဘူးလို့ မန်နေဂျာကို ပြောတော့ နင်တို့က ဆွဲဆောင်မှုရှိအောင်မှ မလုပ်ရောင်းတာလို့ ပြောတယ်။ အဲ့တော့ တဖက်ကလည်း ဆွဲဆောင်မှုရှိအောင် လုပ်ရောင်းရအောင် ဈေးသည်တွေလေ KTV မှ မဟုတ်တာလို့ ပြန်ပြောတော့ ဟိုကောင်ကလည်း မျက်နှာမဲပြီးနဲ့ ပြန်ရိုင်းတယ်။ ညဈေးက ဖွင့်တာခဏပဲရှိသေးတယ်။ ကြားရမြင်ရတာလည်း မသက်သာပါဘူးဗျာ။ ကုမ္ပဏီဘက်က လူတွေက အတော်ကို ရိုင်းတာဗျ။

- ဈေးသည်အချင်းချင်း ရန်တိုက်ပေးတဲ့ လုပ်ရပ် -

ထိပ်ပိုင်းက ဈေးသည်တွေ မရောင်းရတော့ မျက်နှာချင်းဆိုင် နေရာချပေးပြီး ရောင်းခိုင်းတာတွေ လုပ်လာတယ်။ လမ်းက တခြမ်းတည်းကို မျက်နှာချင်းဆိုင်လာချတော့ လူသွားလို့တောင် အဆင်မပြေဘူး။ ခင်းကျင်းတော့လည်း အဆင်မပြေတော့ ဈေးသည်အချင်းချင်း စကားများရသေးတယ်။ သူတို့ လုပ်ပုံက ဈေးသည်အချင်းချင်း ရန်တိုက်ပေးနေသလို ဖြစ်နေတယ်။

- လုပ်ပိုင်ခွင့်ရ ကုမ္ပဏီ ဘက်က   ရိုင်းပြမှု - 

ဈေးကောက် ကောက်သူတွေကလည်း အရမ်းရိုင်းတယ်။ တခုခုဖြစ်ရင်လည်း တာဝန်မယူဘူး။ တာဝန်ယူမှု တာဝန်ခံမှုဆိုတာမရှိဘူး။ သစ်ကိုင်းကျိုးကျနေလို့ သွားပြောကြရင်တောင် (၃)(၄)ရက်နေလို့ လုပ်ချင်မှ လုပ်တာ။ အောင်မြတ်ခန်းမမှာ ဈေးသည်တွေကို ခေါ်ပြီး ပြောတုန်းက ဈေးသည်တွေ ရောင်းမကောင်းရင် သူတို့အနေနဲ့ ရောင်းကောင်းအောင် လုပ်ပေးပါ့မယ်ဆိုပြီး ဈေးသည်တွေအားလုံးရဲ့ ရှေ့မှာပြောတာ။ အဲ့မှာ စည်ပင်က လူကြီးလဲရှိသလို ကုမ္ပဏီဘက်က တာဝန်ခံဖြစ်တဲ့ ဈေးကောက် ကောက်မဲ့ အုပ်စုထဲက မန်နေဂျာလည်းရှိတယ်။ သူတို့ပဲ ပြောတာ။ ဒီလည်းရောက်ရော တခုခုဆို တုန့်ပြန်မှု အရမ်းနှေးသလို သူတို့ကိုပဲ ကြောက်ရတဲ့အခြေအနေ ဖြစ်သွားတယ်။ သူတို့ မာန်မဲတာကိုပဲ လန့်ရတာမျိုးဖြစ်နေတယ်။



 - အရင်လို အဆင်ပြေရာ နေရာမှာပဲ ပြန်ပြီး ဈေးရောင်းခွင့်ရချင်တယ် -

ကျွန်မတို့ အဓိက ပြောချင်တာက အရင်လို လမ်းပေါ်ပြန်တက်မယ်။ ဂေါက်ကွင်းဘက်ကလည်း အဲ့လောက် ဈေးကောက်ရချင်ရင် ဒီမှာကောက်သလိုပဲ လမ်းမှာလဲ ဘတ်(၃၀)လိုက်ကောက်၊ စည်ပင်ကလည်း အရင်လို ဘတ်(၂၀)လိုက်ကောက်။ အဲ့လိုဆို ဈေးသည်တွေ အနေနဲ့လည်း ပေးနိုင်တယ်။ ဘာလို့ ပေးနိုင်မလဲဆိုရင် လမ်းပေါ်တက်ရောင်းရင် ဒီနေရာထက် (၁၀)ဆမက ရောင်းကောင်းတယ်။ အဲ့တော့ အရင်လို လမ်းပေါ် ပြန်တက်ရောင်းချင်ကြတယ်။ အဲ့လို ပြန်သွားရောင်းမယ်လို့ ပြောတော့လည်း စည်ပင်က လက်မခံဘူး။ သူတို့တွေ ဘယ်လိုအပေးအယူ လုပ်ထားသလဲဆိုတာကိုလည်း ချပြရှင်းလင်းတာမရှိဘူး။ ဈေးသည်တွေပေါ် လုပ်တဲ့အထှာက ဘယ်သူသေသေ ငတေမာရင်ပြီးရော နင်တို့ ဒီမှာပဲ ရောင်းရမှာ။ ဒီမှာပဲ ဈေးကောက်ပေးရမယ်ဆိုတာမျိုး။ 

ယခုလို ဈေးသည်များ အခက်အခဲများစွာဖြင့် ကြုံနေရသော်လည်း ညဈေး ဖွင့်ပွဲ၏ အခမ်းအနားသို့ တက်ရောက်လာသည့် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် မြို့မိမြို့ဖများ အပါအဝင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနတို့က ညဈေးရှိ ဈေးသည်များ အဆင်ပြေ မပြေကို ထပ်မံလေ့လာခြင်းမရှိဘဲ ၎င်းတို့၏ အခက်အခဲများကို လစ်လျူရှူထားသည်။