တနင်္သာရီတိုင်း ရေဖြူမြို့နယ်၌ လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို ၂၀၂၅ ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းလိုက်သည်ဟု သိရသည်။
ယမန်နေ့ နံနက်(၉)နာရီဝန်းကျင်က ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ကျောက်ကညာရွာကြား ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတလျောက် လမ်းကင်းယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်တစ်ဦးအပါ (၂၀)ဦးအထက်သေသည်ဟု ဒူကရစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်ထံမှ RPJ-7 တစ်လက်၊ MA-4 တစ်လက်၊ MA-3 တစ်လက်၊ MA-1 (၂)လက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ဒူကရစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
တော်လှန်ရေးတပ်များက စစ်ရေးအရှိန်မြှင့်မည်ဖြစ်၍ ပြည်သူများ အသွားအလာ ဂရုပြုကြရန်လည်း တိုက်တွန်းထားသည်။
ထို့အပြင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်လာနိုင်သဖြင့် လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကြရန်လည်း အသိပေးထားသည်။
#TachileikNewsAgency