ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ(၄)အတွင်း အမှိုက်မီးရှို့ခြင်းကို တားမြစ်ပြီး စိုက်ပျိုးမြေတွင် မီးရှို့ခြင်းကို ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန် သတိပေးချက်ထုတ်ထားသည်ကို တွေ့ရသည်။
မိုင်းလားအထူးဒေသ (၄)အတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသများတွင် အမှိုက်မီးရှို့ခြင်းကို ပြစ်ဒဏ်ပေးမည်ဟု တားမြစ်ပြီး အမှိုက်ကျင်းတူး၍ မြုပ်နှံရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။
စိုက်ပျိုးမြေအတွက် မီးရှို့ခြင်းမှ တောမီးလောင်ခြင်း မဖြစ်စေရန် မီးထိန်းချုပ်နိုင်သည့် အတိုင်းအတာအောက်တွင်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး မီးမရှို့မီ သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြဆောင်ရွက်ရမည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၅ ခုနှစ် မတ်လ (၁၆)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံနှင့် နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား၊ ဆီလူးနှင့် နမ့်ပန်းခရိုင်သုံးခုကို ၁၉၈၉ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)က အထူးဒေသ (၄)အဖြစ် စိုးမိုးထိန်းချုပ်ထားကာ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
စိုက်ပျိုးရေးအတွက် တောင်ယာနှင့် လယ်ယာမြေများ မီးရှို့သည့်ဓလေ့ကြောင့် တောမီးလောင်ခြင်း၊ မီးခိုးမြူပိတ်ဆို့ကာ လေထုညစ်ညမ်းခြင်းများနှင့် နှစ်စဉ်ကြုံနေရပြီး မဖြေရှင်းနိုင်သေးသည့်ဒေသများတွင် ရှမ်းပြည်နယ်လည်း အပါအဝင်ဖြစ်သည်။