မြေတော်ရွာကို စစ်ကောင်စီမီးရှို့ဖျက်ဆီး သတ်ဖြတ်ခံရသည့် အရပ်သားရုပ်အလောင်းတွေ့

မြေတော်ရွာကို စစ်ကောင်စီမီးရှို့ဖျက်ဆီး သတ်ဖြတ်ခံရသည့် အရပ်သားရုပ်အလောင်းတွေ့

စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ် မြေတော်ရွာကို စစ်ကောင်စီတပ်က နှစ်ရက်ကြာဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးပြီး သတ်ဖြတ်ခံထားရသည့် ဒေသခံရုပ်အလောင်းကို တွေ့ရှိရသည်ဟု Yesagyo Township Info Committee ထံမှ သိရသည်။

၂၀၂၅ခုနှစ် မတ်လ (၁၄)ရက်နေ့ နံနက်စောစောပိုင်းတွင် မြေတော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး (၁၅)ရက်နေ့အထိ နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများအားယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်သွားသည်ဟု သိရသည်။

ဒေသခံတချို့  ယနေ့မတ်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ရွာအတွင်းဝင်ရောက်စဉ် စစ်ကောင်စီတပ်၏ ခေါင်းဖြတ်ပြီး မီးရှို့သတ်ဖြတ်ခြင်းခံထားရသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် မြေတော်ရွာမှ ပြည်သူများ၏ ပစ္စည်းများကိုလည်း ယူဆောင်သွားသည့်အပြင် ဘုန်းကြီးကျောင်းမှ ဝတ္ထုငွေများကိုလည်း ယူဆောင်သွားသည်ဟု ဆိုသည်။

ယမန်နေ့ ည(၁၀)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်သည် မြေတော်ရွာမှ ထွက်ခွါသွားပြီး မင်းရွာမှ ပျူစောထီးများနှင့်အတူ မြေတော်ရွာဘက်သို့ ပြန်လာကာ ယူဆောင်ထားသော ပစ္စည်းများအား ထော်လာဂျီများဖြင့် သယ်ယူသွားသည်ဟုလည်း ဆိုသည်။

မြေတော်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဆည်သစ်မြင်ရွာ၊ မြေစွန်းရွာ၊ ညောင်မွှေးပင်ရွာ၊ ဘိစပ်ကုန်းရွာတို့ကိုလည်း ည(၁၁)နာရီဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းကာ ပစ္စည်းများကို ခိုးယူဆောင်၍ မင်းရွာအတွင်းသို့ သယ်ဆောင်သွားသည်ဟု သိရသည်။ 

မင်းရွာသည် ရေလယ်ကျွန်းဒေသတွင် ပျူစောထီးစခန်းတည်ပြီး အနီးရှိကျေးရွာများကို မွှေနှောက်မီးရှို့နေခြင်းကြောင့် ဆည်သစ်မြင်၊ မြေစွန်း၊ ညောင်မွှေးပင်၊ ဘိစပ်ကုန်း၊ နေရင်း၊ ပေါက်တော၊ ပေါက်အူရွာများနှင့် အနီးဝန်းကျင်ရွာများမှ ဒေသခံများ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo:Yesagyo Township Info Committee