ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ပူးလူးတူစခန်းကို KNLA တပ်မဟာ (၇) ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းအား KNLA နှင့် ပူးပေါင်းတပ်များက ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ စတင်ကာ နေ့စဥ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ (၁၄)ရက်နေ့တွင် အပြိးသတ် စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်(၁၂)ဦးသေဆုံးပြီး (၁၁)ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU ဗဟိုက ဆိုသည်။
နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ(၅၀၀)ကျော် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထိုင်းဘက်ခြမ်းတွင်လည်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က လုံခြုံရေးချထားပြီး စောင့်ကြည့်နေကြောင်း ထိုင်းသတင်းဌာနများကလည်း ဖော်ပြခဲ့သည်။
ပူးလူးတူ စခန်းသိမ်းတိုက်ပွဲကို ကေအဲန်ယူ-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)၊ တပ်ရင်း (၂၂)က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး (၆)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo:KNU