ကရင်နီ(ကယား)ပြည်နယ် နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် မတ်လအတွင်း အင်အားသုံးစစ်ကြောင်းထိုး တိုက်ခိုက်မှုတွင် ဒရုန်းများပါ အဆုံးရှုံးခံ အသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။
“မနေ့ကတော့ ဒရုန်း ၃ စီး ၄ စီးလောက်သုံးတာတွေ့ရတယ်။ ဒီနေ့တော့ သုံးတာမတွေ့ရဘူး။ အရပ်သားတွေအနေနဲ့ အရေးမကြီးဘဲ မိုးဗြဲကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ အသိပေးချင်တယ်။”ဟု မိုးဗြဲ PDF မှ တာဝန်ရှိသူတစ်ဦးက မတ်လ (၁၀)ရက်နေ့တွင် Tachileik News Agency ကို ပြောသည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက မတ်လ (၉)ရက်နေ့တွင် ဒရုန်းအသုံးပြုတိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
“စကစဘက်က မနေ့ညကစပြီးတော့ပေါ့နော် အသေခံဒရုန်း (ဒရုန်းများကို တစ်ခါသုံးအဖြစ် အဆုံးရှုံးခံ အသုံးပြုတိုက်ခိုက်ခြင်း)တွေ ပိုသုံးလာတာတွေ့ရတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲပေါ့နော်။ ကာကင်းစခန်းတချို့ကို လုရတယ်ဆိုပေမဲ့ ကျွန်တော်တို့က အပြန်အလှန်ပါပဲ။ မိုးဗြဲမှာက ၄၂၂ တပ်နဲ့ အပြန်အလှန် သူတပြန် ကိုယ်တပြန် ဖြစ်နေတုန်းပါပဲ။”ဟု မိုးဗြဲ PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
အမှတ် (၄၂၂)ခြေလျင်တပ်ရင်း (ခလရ ၄၂၂)သည် မိုးဗြဲမြို့ ၌အခြေစိုက်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၏ လက်အောက်ခံတပ်ရင်း ဖြစ်သည်။
စစ်ကောင်စီသည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်မှုကို လေကြောင်းမှလည်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ထိုးစစ်တွင် ခလရ(၄၂၂)၊ ခမရ (၅၁၈)၊ ခမရ(၅၀၈)တပ်ရင်းအပြင် အခြားတပ်ရင်းများနှင့် အဓမ္မစစ်မှုထမ်းစုဆောင်းခံထားရသည့် သင်တန်းဆင်းများလည်း ပါဝင်နေသည်ဟု သိရသည်။
စစ်အာဏာရှင်တော်လှန်ရေးအင်အားစုက ဒရုန်းများအသုံးပြု၍ တိုက်ခိုက်မှုခံနေရသည့် စစ်ကောင်စီက ဒရုန်းများကို ပြန်လည်အသုံးပြု တိုက်ခိုက်လာကြရာတွင် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများနည်းတူ အရပ်သားနေရာများပါမရှောင် တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့တွင် ဒီးမော့ဆိုအနောက်ခြမ်း စစ်ဘေးရှောင်စခန်းဝန်းကျင်ကို စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
#TachileikNewsAgency
Photo: Mobye People Defense Force