ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှ သေဆုံးသူများအား ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၆)ရက်နေ့တွင် သင်္ဂြိုလ်ပြီး ဒဏ်ရာရသူများကို ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
မုံးစီးကျေးရွာ ဗြိန်းခမ်းကျေးရွာအနီးရှိ ရွှေလုပ်ကွက်တွင် ယမန်နေ့ မတ်လ (၅)ရက်နေ့ ညနေပိုင်းတွင် ကိုးကန့်တပ်(MNDAA)က ရွှေတူးနေစဉ် KIA ဝန်ထမ်းတချို့နှင့် အရပ်သားများက သွားရောက်တားဆီးရာကစတင်၍ စကားများရန်ဖြစ်ကြကာ MNDAA ဘက်က ပစ်ခတ်လိုက်သဖြင့် KIA ဝန်ထမ်းတစ်ဦးအပါအဝင် အရပ်သား (၅)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရသည်ဟု သိရသည်။
“သေဆုံးသူတွေကို ကျေးရွာအစုအဝေးနေရာမှာထားပြီး ဒီနေ့သင်္ဂြိုလ်မယ်။ ပစ်ခတ်မှုပြီးတော့ MNDAA ရဲ့ ရုံးရှေ့ကိုသွားပြီး ဆန္ဒပြနေကြတယ်။ အခုထိတော့ ဖြေရှင်းနေဆဲပါ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
အဆိုပါကိစ္စနှင့်ပါတ်သက်ပြီး KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုအချိန်ထိ KIA ၏ တောင်ပိုင်းတိုင်းကော်မတီကို တစ်စုံတစ်ရာ မှာကြားထားခြင်းမရှိသေးဘူးဟု Tachileik News Agency ကိုပြောသည်။
“ကျွန်တော်သိထားသလောက်ကတော့ အဲဒီမုံးစီးမှာ ပြည်သူလူထုရဲ့ ကန့်သတ်ထားတဲ့ ပိတ်ပင်ထားတဲ့ မြေပြင်မှာ ရွှေတူးဖော်တယ်တဲ့၊ MNDAA အဖွဲ့တွေက။ အဲဒီနေရာတွေဟာ နဂိုကတည်းက ကျွန်တော်တို့ ပိတ်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ ရွှေမတူးဖို့ အားလုံးအဖွဲ့အစည်းတိုင်းကို ပြောထားတာရှိပါတယ်။ ၃ ရက် လောက်ရှိတယ်ပြောတယ်။ MNDAA က ရဲဘော်တစ်ယောက်က သေနတ်ကိုမောင်းတင်ပြီးတော့မှ ခြိမ်းခြောက်တယ်တဲ့၊ ပြည်သူလူထုတွေ ပြန်သွာတဲ့အချိန်မှာ လမ်းမှာ MNDAA က သေနတ်နဲ့ပစ်တာ။ ပြည်သူ (၆) ဦးသေပြီး (၆) ဦးဒဏ်ရာရတယ် လို့ သိရပါတယ်။”ဟု ဗိုလ်မှူးကြီး နော်ဘူက Tachileik News Agencyကို ပြောသည်။
သေဆုံးသူ(၆)ဦးထဲတွင် KIA ၏ ဝန်ထမ်းတစ်ဦး ပါဝင်သော်လည်း အဆိုပါဖြစ်စဉ်နေရာကို တာဝန်နှင့်သွားရောက်ခြင်းမဟုတ်ဟုလည်း ဆိုသည်။
“ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေတော့ပါတယ်။ ဒါပေမယ့် တာဝန်နဲ့လာတာမဟုတ်ဘူး။ သူကခွင့်ယူပြီးတော့ အိမ်ပြန်နေတဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် သူက လက်နက်မပါ။ ယူနီဖောင်းမပါ၊ အိမ်မှုကိစ္စနဲ့ အိမ်ပြန်နေတဲ့အချိန်မှာ အဲဒီလိုမျိုး ကြုံတယ်လို့ ပြောရမှာပေါ့။ တစ်ယောက်ပါတယ်လို့ ပြောတယ်။”ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
လက်ရှိတွင် ဒေသခံများနှင့် MNDAA တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းရန်ပြင်ဆင်နေပြီး မည်သို့ ဆုံးဖြတ်ချက်မည်ကိုမူ မသိရသေးဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်သည့်နေရာသည် ရွှေမတူးဖော်ရန်တားမြစ်ထားသော နမ့်လင်းချောင်းအနီးတွင်ဖြစ်ပြီး မုံးစီးဒေသက စိုးက်ပျိုးရေးအတွက် အရေးပါသောနေရာဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:ယမန်နေ့ ညနေပိုင်းက MNDAA ၏ ရုံးရှေ့တွင် တွေ့ရသည့် မြင်ကွင်းများ