ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်ဒေသတွင် အရပ်သား ၁၃ဦး သေဆုံး ၃၆ဦး ဒဏ်ရာရ

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်ဒေသတွင် အရပ်သား ၁၃ဦး သေဆုံး ၃၆ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်မြို့နယ်များကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁၃)ဦး သေဆုံးပြီး (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု TNLA ထံမှ သိရသည်။ 

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့က နောင်ချိုမြို့ သပြေတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဗုံး(၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦး ဒဏ်ရာရရှိပြီး နေအိမ်(၅)လုံး ပျက်စီးခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အတွင်း လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂၀)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူလူထု (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ဒဏ်ရာရရှိကာ နေအိမ် (၅)လုံး ပျက်စီးသည်ဟု သိရသည်။ 

ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ဘူတာရပ်ကွက်နှင့် နောင်ချိုပြည်သူ့ဆေးရုံပေါ် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။ 

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို လေကြောင်းဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချမှုကြောင့် အရပ်သား (၃)ဦး သေဆုံးရပြီး (၇)ဦး ဒဏ်ရာရရှိကာ နေအိမ် (၅)လုံး ပျက်စီးသည်ဟု သိရသည်။ 

ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၁)ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် (၄)ဦး ဒဏ်ရာရရှိသည့်အပြင် နေအိမ် (၆)လုံး ပျက်စီးသည်ဟု ဆိုသည်။ 

ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာကို ဗုံး(၃၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ (၁)ဦး သေ ဆုံးသွားသည်ဟု သိရသည်။ 

ဖေဖော်ဝါရီလ (၂၃)ရက်နေ့ကလည်း တောင်ရှည်နှင့် မန်မော်ကျေးရွာကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးကို အသုံးပြုတိုက်ခိုက်မှုကြောင့် TNLA တပ်သား (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၄)ဦး ဒဏ်ရာပြင်းထန်ရရှိသည်ဟု သိရသည်။ 

ယမန်နေ့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၃)လုံး လာရောက်ကြဲချမှုကြောင့် မယ်သီလရှင် (၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးသွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News