တရားမဝင် ကုန်သွယ်မှုများအား ဖမ်းဆီးရရှိမှု ပမာဏနည်းနေသေး၍ ပိုဖမ်းကြရန် အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းပြောဆို

တရားမဝင် ကုန်သွယ်မှုများအား ဖမ်းဆီးရရှိမှု ပမာဏနည်းနေသေး၍ ပိုဖမ်းကြရန် အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းပြောဆို

တရားမဝင် ကုန်သွယ်မှုများကိုဖမ်းဆီးမှု ပမာဏနည်းနေသေးသဖြင့် ပို၍ဖမ်းဆီးရန် အာဏာသိမ်းဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ယမန်နေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းပွဲတွင် ပြောသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ဖမ်းဆီးရမိအမှုတွဲ(၁၉,၀၀၀)ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် (၄၅၈)ဘီလီယံကျော် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

အိမ်နီးချင်းကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံကုန်သွယ်မှု ကွာခြားချက်စာရင်းများကို နှိုင်းယှဉ်ရာတွင် ဖမ်းဆီးရမိမှုပမာဏသည် လွန်စွာလျော့နည်း နေသေးသည်ကိုတွေ့ရှိရသည့်အတွက် ပိုမိုတိုးတက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန်လိုသည်ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် နယ်မြေအတွင်းတွင်ရှိသည့် လမ်းကြောင်းများတွင် ပုံမှန်ဖမ်းဆီးမှုများအပြင် ရှောင်တခင်စစ်ဆေးတားဆီးဖမ်းဆီးခြင်းများကို နေ့၊ ညမပြတ် ဆက်လက်ဆောင်ရွက်ရန်လိုသည်ဟု ပြောဆိုသည်။

ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး စနစ်တကျဆောင်ရွက်ပါက ဖမ်းဆီးရရှိမှုမှာ ယခုထက် ပိုမိုတိုးတက်လာမည်ဟုလည်း ပြောဆိုသည်။ 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှင့်  ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့က ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းက တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများတွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော် ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက ဒုတိယအများဆုံးနှင့် တတိယ အများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ဟု ဆိုသည်။

နှစ်အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှု တန်ဖိုးကျပ်(၆၅)ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ်(၁၃၅)ဘီလီယံကျော် တိုးတက်ဖမ်းဆီးနိုင်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင် ငွေကျပ်(၂၂၃)ဘီလီယံ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တရားမဝင် ကုန်သွယ်မှုများသည် အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုကျူးလွန်မှုနှင့် အကြမ်းဖက် သမားများအား ငွေကြေးထောက်ပံ့မှု၊ မတည်မငြိမ်ဖြစ်မှုများအပါအဝင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အားနည်းချက်များ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

“ဥပမာအားဖြင့် နယ်စပ်များတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)ကိစ္စများနှင့် ဆက်နွယ်၍ လောင်းကစားမှုများ၊ လူကုန်ကူးမှုများ၊ ရာဇဝတ်မှုများ၊ လက်နက်ကိုင်ဆောင်၍ ပစ်ခတ်မှု စသည်များသည် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့်အတွက် သတိပြုရမည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို  ယခုထက်ပိုမို ပြတ်ပြတ်သားသား ဆောင်ရွက်ရန် လိုအပ်သည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်ကြောင်း”ဟု စိုးဝင်းကပြောသည်။

နယ်စပ်မျဉ်းတစ်လျှောက်တွင်ရှိသည့် တရားမဝင် ဝင်ထွက်ပေါက်များကို ထိန်းချုပ်ရန်ခက်ခဲပြီး တရားမဝင် မှောင်ခိုရှောင်ကွင်းလမ်းများမှ ဝင်ရောက်လာမှုများလည်းရှိကာ ယင်းတို့ကို ပိတ်ဆို့ရန်မှာ အခက်အခဲများစွာရှိသည်ဟုလည်း ဆိုသည်။

တရားမဝင်ကုန်ပစ္စည်းများအား နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့ခြင်းအပြင် နယ်စပ်ဂိတ်များအနီးရှိဂိုဒေါင်များတွင် သိမ်းဆည်း၍ ဖြန့်ချိခြင်းများလည်းရှိကာ ထိုသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဖော်ထုတ်ဖမ်းဆီး၍ အရေးယူရန်လိုသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency