မလေးရှားသို့ သွားမည့် မြန်မာလုပ်သား (၃၃)ဦး ထိုင်း - မလေးရှား နယ်စပ်တွင် ဖမ်းခံရ

Photo: ตัวพ่อ Lifestyleสงขลา
Photo: ตัวพ่อ Lifestyleสงขลา
မလေးရှားသို့ သွားမည့် မြန်မာလုပ်သား (၃၃)ဦး ထိုင်း - မလေးရှား နယ်စပ်တွင် ဖမ်းခံရ
ဖေဖော်ဝါရီ 9, 2025 | အလုပ်သမားရေးရာ

 ထိုင်း - မလေးရှားနယ်စပ် ထိုင်းနိုင်ငံ ဆုန်ခလာတွင် မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား (၃၃)ဦးကို အလုံပိတ်ကုန်တင်ယာဉ်ဖြင့် တင်ဆောင်လာစဉ် ထိုင်းရဲလဝကနှင့်ပူးပေါင်းအဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ဖမ်းမိကြောင်း သိရသည်။



ထိုင်းနိုင်ငံ ဆုန်ခလာတွင် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် တရားမဝင် မြန်မာလုပ်သား (၃၃)ဦးကို အလုံပိတ်ကုန်တင်ယာဉ်ငယ်ဖြင့် သယ်ဆောင်လာစဉ် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အလုံပိတ်ကုန်တင်ယာဉ်ငယ်ဖြင့်  မြန်မာလုပ်သားများကို တရားမဝင် ခေါ်ဆောင်လာမည်ဟု ကြိုတင်သတင်းအရ ဆုန်ခလာ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့တို့က အာရှလမ်းမတွင် ဘာရီဂိတ်များ ချထားကာ စောင့်ဆိုင်းပြီး ယာဉ်ကို ဟန့်တားပြီး ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများမှာ အမျိုးသမီး(၁၂)ဦး နှင့် အမျိုးသား(၂၁)ဦးတို့ဖြစ်ပြီး  ကွန်တိန်နာအတွင်း ထည့်သယ်လာသည့် အသက် (၅၆)နှစ်အရွယ် ထိုင်းယာဉ်မောင်းကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားများကို ဆမွတ်စခွန်ဒေသမှ ဆုန်ခလာသို့ တစ်ဦးလျှင် ဘတ် (၅၀၀)ဖြင့် တင်ဆောင်လာခြင်းဖြစ်သည်ဟု ယာဉ်မောင်းဖြစ်သူက ထွက်ဆိုထားသည်။

ကွန်တိန်နာတွင် မြန်မာလုပ်သားများကို အုပ်စုနှစ်ခုခွဲ၍ တင်ဆောင်လာပြီး လူ (၁၅)ဦး အုပ်စုကို လက်ကောက်ဝတ်၌ ဖဲကြိုးနီချည်ထားသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်းက မြန်မာလုပ်သားများအား စမွတ်စခွန်မှ ဆုန်ခလာဒေရှီ ခလွန်ငရာဘာခြံသို့ တစ်ဦးလျှင် ဘတ် (၅၀၀) ဖြင့်  မြန်မာတစ်ဦးက ပို့ဆောင်ခိုင်းခြင်းဖြစ်ပြီး လာကြိုမည့်သူ၏ ဖုန်းနံပါတ်ကို ပေးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများ၏ အဆိုအရ ၎င်းတို့သည် လွန်ခဲ့သည့်သုံးရက်က ကန်ချနဘူရီခရိုင်ဘက်ရှိ တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဆမွတ်စခွန်ရှိ နေအိမ်တစ်ခုတွင် တစ်ညတာနေခဲ့ပြီးနောက် ဗင်ကားဖြင့် လာကြိုသည်ကို လိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားများသည် မလေးရှားသို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ကျပ်သိန်း (၅၀)ဆီပေးခဲ့ကြရကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ယာဉ်မောင်းနှင့် မြန်မာလုပ်သားများအား အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Source: MGR Online