စက်သုံးဆီယာဉ်များ တာချီလိတ်သို့ လာခွင့်မရဘဲ ထိုင်းအစိုးရ၏ အမိန့်ကြောင့် မယ်ဆိုင်ဘက် အမှတ်(၂)တံတားဝန်းထဲတွင် ရပ်တန့်ထားရ

စက်သုံးဆီယာဉ်များ တာချီလိတ်သို့ လာခွင့်မရဘဲ ထိုင်းအစိုးရ၏ အမိန့်ကြောင့် မယ်ဆိုင်ဘက် အမှတ်(၂)တံတားဝန်းထဲတွင် ရပ်တန့်ထားရ
ဖေဖော်ဝါရီ 5, 2025 | ရှမ်းရှေ့

 ထိုင်းအစိုးရက ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနိုင်ငံဘက်ရှိ တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်း နှိမ်နင်းရေးအတွက်ဟုဆိုကာ လျှပ်စစ်မီး အပါအဝင် စက်သုံးဆီများပါ ရပ်တန့်လိုက်သည့်အတွက် 

ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ ညနေပိုင်းအချိန်အထိ မယ်ဆိုင်ဘက် တွင် ဆီဘောင်ဆာယာဉ်များ သောင်တင်နေကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ အပါအဝင် အခြားဒေသများအတွက်  ထိုင်းစက်သုံးဆီများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ တာချီလိတ်သို့ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားကနေ တဆင့် သယ်ယူပို့ဆောင်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးအရ ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနိုင်ငံဘက် လျှပ်စစ်မီး အပါအဝင် စက်သုံးဆီများ တင်ပို့မှု ရုတ်တရက် ရပ်ဆိုင်းသွားသည့်အတွက် တာချီလိတ်သို့ လာမည့် ဆီဘောင်ဆာယာဉ်များမှာ မယ်ဆိုင်ဘက်အခြမ်း အမှတ်(၂)တံတားရှိ အကောက်ခွန်ဝန်းထံတွင် သောင်တင်နေခြင်း ဖြစ်သည်။

ထိုင်းအစိုးရက မြန်မာဘက် စက်သုံးဆီ တင်ပို့မှု ရပ်ဆိုင်းခြင်းကို ၎င်းမတို့၏ နိုင်ငံအတွင်း၌သာ ထုတ်ပြန် အသိပေးထားသော်လည်း ၎င်းတို့ စက်သုံးဆီများကို ဝယ်ယူသည့် မြန်မာဘက် လုပ်ငန်းရှင်များကို ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်အထိ တရားဝင် အသိပေးအကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

"ဘာမှမပြောလာဘူး။ လာချိန်တန်လို့ မလာတော့မှ သိရတာ။ မယ်ဆိုင်မှာ ဆီဘောက်ဆာကားတွေ တာချီလိတ်ကိုလာဖို့ ဆယ်ချီ ပိတ်မိနေတယ်။ "ဟု တာချီလိတ်စက်သုံးဆီရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့  ပြောသည်။

နယ်စပ်တလျှောက်  တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းကြောင့် စက်သုံးဆီတင်ပို့မှုများကို ရပ်တန့်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသော်လည်း မည်သည့်ကာလအထိ ရပ်တန့်မည်ကိုတော့ မည်သူမှ မသိရသေးကြောင်း သိရသည်။



ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ တာချီလိတ်သို့ စက်သုံးလောင်စာဆီတင်ပို့မှုအခြေအနေမှာ လစဉ် ဆီဘောင်ဆာယာဉ် အစီးရေ (၃၅၀)မှ (၄၀၀)အထိ ဖြတ်သန်းပြီး လစဉ် တင်ပို့မှု တန်ဖိုးမှာ ထိုင်းဘတ်ငွေ သန်း(၄၀၀)ကျော် တန်ဖိုးရှိကြောင်း သိရသည်။