ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်ဓါတ်အား ဖြန့်ချိရေးဌာနဖြစ်သည့် Provincial Electricity Authority (PEA) က မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူကာ တဆင့် ဖြန့်ဖြူးရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများနှင့် ပတ်သက်သည့် အချက်အလက်များကို တောင်းခံခဲ့သော်လည်း သက်ဆိုင်ရာ ဌာနများထံမှ တုံ့ပြန်မှု မရရှိသည့် စာရွက်စာတမ်း အထောက်အထားများကို ထုတ်ပြန်ခဲ့သည်။
မည်သည့် ကုမ္ပဏီများက ရာဇဝတ်ဂိုဏ်းများ အသုံးပြုနေသည့် နေရာများကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေကြောင်း မသိရှိသောကြောင့် မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို ဖြတ်တောက်ရန် လုံခြုံရေးဌာနထံမှ အကူအညီကို စောင့်ဆိုင်းနေကြောင်း PEA ကို ကြီးကြပ်ကွပ်ကဲသူ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောခဲ့သည်။
PEA စာရွက်စာတမ်းများတွင် ဖော်ပြထားသော ကုမ္ပဏီများမှာ ကရင်ပြည်နယ် မြဝတီမြို့ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေသည့် ထူးသစ္စာအောင်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့ကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနေသည့် ကုမ္ပဏီ တို့ ဖြစ်သည်။
မြဝတီမြို့တွင် မြန်မာနိုင်ငံ၏ ကျားဖြ့န် (အွန်လိုင်းငွေလိမ်လုပ်ငန်း) မြို့များဖြစ်သော ရွှေကုက္ကိုနှင့် KK Park တို့ တည်ရှိပြီး ရှမ်းပြည်နယ်မှာ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု အဓိက နေရာ ဖြစ်သည်။
လျှပ်စစ်ဖြန့်ချိရေး PEA က ထိုင်းဘုရင့်တပ်မတော်၊ ထိုင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဌာနအများအပြားကို ဆက်သွယ်၍ အကူအညီတောင်းခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ဟု ဆိုသည်။
PEA က ဆက်သွယ်ခဲ့သည့် ဌာနများတွင် Pha Muang Task Force ၏ ကွပ်ကဲရေးမှူး၊ အမှတ် (၁၄) ခြေလျင်တပ်ရင်း၏ တပ်မှူး၊ Surasee, Burapha နှင့် Surranaree Task Forces ၏ ကွပ်ကဲရေးမှူးများနှင့် ချင်းရိုင်နှင့် ကန်ချနဘူရီ ပြည်နယ်များရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်လုံခြုံရေး ညွှန်ကြားရေးမှူးများ ပါဝင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် PEA က ထိုင်း-မြန်မာ နယ်စပ် ပူးတွဲကော်မတီ၏ ဥက္ကဋ္ဌထံ စာတစ်စောင် ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ကိစ္စနှင့်ပတ်သက်၍ အကူအညီတောင်းခဲ့သည်။
PEA က နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း စာတစ်စောင် ပေးပို့ခဲ့ပြီး တာ့ခ်ပြည်နယ် မဲရာမတ်ခရိုင်နှင့် မြဝတီမြို့ ရွှေကုက္ကိုလ် နယ်စပ်တွင် လျှပ်စစ်ဓာတ်အား ရောင်းဝယ်မှုအပေါ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ရန် အကူအညီတောင်းခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် PEA က နိုင်ငံခြားရေးဝန်ကြီးဌာနကို နောက်ထပ် စာတစ်စောင် ပေးပို့ခဲ့ပြီး မယ်ဆိုင်မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ရန် အကူအညီတောင်းခဲ့ကြောင်း သိရသည်။
နောက်ဆုံး၌ PEA က မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဌာနနှင့် ထိုင်းရဲတပ်ဖွဲ့တို့ထံ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် စာတစ်စောင် ပေးပို့ခဲ့ပြီး လျှပ်စစ်ဓာတ်အား ရောင်းဝယ်မှုတွင် ပါဝင်နေသည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။
ထိုကုမ္ပဏီများမှာ မူးယစ်ဆေးဝါးကုန်သွယ်မှု အပါအဝင် ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်နေနိုင်သည်မှာ စိုးရိမ်စရာ ဖြစ်နေသောည်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများထံမှ တုံ့ပြန်မှု မရရှိသေးကြောင်း သိရသည်။
Source: PEA, Thai Enquirer