မူဆယ်မြို့အဝင်ကို စစ်ကောင်စီဘက်က ပြန်ဖွင့်

မူဆယ်မြို့အဝင်ကို စစ်ကောင်စီဘက်က ပြန်ဖွင့်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့သို့အဝင်ကို စစ်ကောင်စီတပ်က   ၂၀၂၅ခုနှစ် ဇန်နဝါရီ လ(၂၈)ရက်နေ့ကစတင်၍ ပြန်ဖွင့်ပေးလိုက်ပြီဟု ဒေသခံများထံမှ သိရသည်။

“မနေ့ကစဖွင့်ပေးတာ။ အခုက မူဆယ်အရှေ့ဖက်ပေါက်ကနေ ဝင်ခွင့်ရတာပေါ့။ ပြည်ထောင်စုလမ်းမ ကြီးကနေပေါ့။ အခုတော့ ကားသေးတွေပဲ ရသေးတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပြောသည်။

MNDAA ထိန်းချုပ်ရာ လားရှိုးမြို့မှ သိန္နီ-ကွတ်ခိုင်-နမ့်ဖက်ကာ-ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ရာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတဆင့် စစ်ကောင်စီထိန်းချုပ်ရာ မူဆယ်မြို့ကို သွားလာနိုင်ပြီ ဖြစ်သည်။

“စစ်ကောင်စီတပ်ဘက်က ဂိတ်ဖွင့်ပေးလိုက်တယ်ဆိုပေမယ့် ကုန်ပစ္စည်းတော့ သယ်ယူခွင့် မပေးဘူး။ မှတ်ပုံတင်ပြရသေးတယ်။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး(ပ၊ ဒု)အတွင်း စစ်ကောင်စီသည် မူဆယ်မြို့အဝင်ကိုပိတ်ကာ ခံစစ်ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မူဆယ်မြို့အဝင်တွင် ဂိတ်ချကာပိတ်ထားသဖြင့် နမ့်ခမ်း-နမ့်ဖက်ကာမှတဆင့် မူဆယ်မြို့ကို ဝင်ရောက်နေကြရခြင်းဖြစ်သည်။

“သိရသလောက် အရင်ကဆို စစ်ကောင်စီတပ်က သူတို့သိတဲ့သူတွေလောက်ပဲ သွားခွင့်ပြုတာ။ မူဆယ် မြို့အဝင် သူတို့ဂိတ်ချထားတဲ့ တိုးဂိတ်အကျော်မှာရွာတွေရှိတယ်။ အဲဒီရွာကလူတွေကို သွားခွင့်ပြုတာလို့ ထင်တယ်။ အခုမှ တရားဝင်ဖွင့်ပေးလိုက်တာ။”ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။ 

ယခင်ကလည်း မူဆယ်မြို့အဝင်ဂိတ်ကို စစ်ကောင်စီတပ်ဘက်က ရံဖန်ရံခါဖွင့်ပေးသော်လည်း ငွေကြေးတောင်းခံမှုများသဖြင့် နမ့်ခမ်းဘက်မှ ဝင်ရောက်ကြသည်ဟုလည်း ဆိုသည်။

“တကယ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်ကပဲ အကန့်အသတ်နဲ့ ဖွင့်နေပေးခဲ့တာ။ ဖွင့်ချင်တဲ့အချိန် ဖွင့်ပေးတယ်ပေါ့နော်။ ဖွင့်တဲ့အချိန်မှာလည်း ပိုက်ဆံအဆမတန်ကောက်လို့လေ လိုင်းကားတွေကော၊ ဆိုင်ကယ်တွေကော နမ့်ခမ်းဘက်က ဝင်ကြတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။



လက်ရှိတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ( Ta'ang National Liberation Army - TNLA ) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( Myanmar National Democratic Alliance Army - MNDAA ) တို့သည် မူဆယ်မြို့အနီးရှိ မြို့များ အားလုံးကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် MNDAA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူးမင်းမြို့၌ တွေ့ဆုံမှုအပြီး နှစ်ဖက်အပစ်ရပ်လိုက်ကြခြင်းကြောင့် တရုတ်နိုင်ငံဘက်က MNDAA အား ဖိအားပေးသည့် အနေဖြင့် ပိတ်ထားသော ကုန်ပစ္စည်းသယ်ယူခွင့်ကို ပြန်လည်ခွင့်ပြုလိုက်သည်။