မြန်မာ - ထိုင်းနယ်စပ်ဒေသ ဖုတ်ဖရာ့မြို့နယ်အတွင်း မြန်မာနိုင်ငံသား(၂၁)ဦး ဖမ်းခံရပြီး တစ်ဦးထံတွင် မူးယစ်ဆေးဝါး တွေ့ရှိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ ဖုတ်ဖရာ့မြို့နယ်အတွင်း မြန်မာနိုင်ငံသား(၂၁)ဦး ဖမ်းခံရပြီး တစ်ဦးထံတွင် မူးယစ်ဆေးဝါး တွေ့ရှိ

 ထိုင်း - မြန်မာနယ်စပ်ဒေသ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၂၁)ဦးကို ဖမ်းမိပြီး ဖမ်းမိသည့် မြန်မာနိုင်ငံသားတစ်ဦးတွင် စိတ်ကြွရူးသွပ်ဆေးပြား (၃၅)ပြား သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အမှတ်(၄၂၁)ခြေမြန်တပ်ရင်း၏ တပ်ဖွဲ့ခွဲများနှင့် ဖုတ်ဖရာ့မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့အကူး နံနက်(၁)နာရီဝန်းကျင်အချိန် ဖုတ်ဖရာ့မြို့နယ်အတွင်း နယ်စပ်နှင့်ထိတွေ့နေသည့် နမ့်နတ်ဘက်တွင် ကင်းလှည့်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ထိုင်းဘက်က သတင်းထုတ်ပြန်ထားသည်။

 

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများတွင် အမျိုးသား (၁၅)ဦး နှင့် အမျိုးသမီး (၆)ဦး ပါဝင်ပြီး ၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ချိန်တွင် အမျိုးသားတစ်ဦး၏ အိတ်ထဲတွင် အနက်ရောင် တိပ်ဖြင့် ပတ်ထားသည့် ဘောပင်အတွင်းက စိတ်ကြွရူးသွပ်ဆေးပြား (၃၅)ပြားကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ ဆိုပါ မူးယစ်ဆေးဝါးများကို မြန်မာဘက်က ဝယ်ယူလာခြင်းဖြစ်ပြီး ရောင်းချရမဟုတ်ဘဲ သုံးစွဲရန်အတွက် တစ်ပြားလျှင် ဘတ်(၃၀)ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

ယင်းအပြင် ဖမ်းဆီးခံရသည့် အဆိုပါ မြန်မာနိုင်ငံသားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် စမွတ်ပရာကန် နှင့် ဘန်ကောက်သို့ သွားရောက် အလုပ် လုပ်ကိုင်ရန်အတွက် ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၈၀၀၀)ဘတ် ပေးရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၁)ဦးကို ဖုတ်ဖရာ့မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး တရားစွဲရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

 

Photo: เอกเกียรติศักดิ์แม่สอด