ကျောက်မဲမြို့ရှိ ဆေးရုံကို စစ်ကောင်စီဗုံးကြဲချ CDM ဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး 

ကျောက်မဲမြို့ရှိ ဆေးရုံကို စစ်ကောင်စီဗုံးကြဲချ CDM ဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲချသဖြင့် CDM ဆရာမ တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီလေတပ်က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် နှစ်ကြိမ်ဗုံးကြဲချသွားခြင်းဖြစ်ပြီး ဆေးရုံပျက်စီးမှုရှိသည်ဟု ဆိုသည်။

"ကလေးကုသဆောင်ရယ် အရေးပေါ်ဆောင်ရယ် ပျက်စီးသွားတယ်။ CDM ဆရာမ တစ်ဦးနဲ့ အရပ်သား တစ်ဦးသေတယ်။ ၂၀ ဦးလောက် ဒဏ်ရာရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် နေ့လယ် (၁)နာရီ (၂၅)မိနစ်တွင် တစ်ကြိမ်နှင့် (၁)နာရီ (၂၉)မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချသည်ဟု TNLA က ဖော်ပြသည်။ 

"သူတို့ နှစ်ကြိမ် လာကြဲသွားတယ်။(၅) မိနစ်ခြားပြီးတော့။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ ကျွန်တော်တို့ စီစစ်နေဆဲဖြစ်ပါတယ်။"ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် ပေါင်(၂၀၀)နှင့် ပေါင်(၂၅၀)ဗုံးများကို ကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။

TNLA သည် ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ၂ဝ၂၄ ခုနှစ် သြဂုတ်လ(၅)ရက်နေ့တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:PSLF/TNLA NEWS