စစ်ကောင်စီနှင့် PNOက ညောင်ရွှေမြို့နယ်ကို လက်နက်ကြီးနှင့်ပစ်ကာ ဆီဆိုင်မြို့နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး 

စစ်ကောင်စီနှင့် PNOက ညောင်ရွှေမြို့နယ်ကို လက်နက်ကြီးနှင့်ပစ်ကာ ဆီဆိုင်မြို့နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညောင်ရွှေမြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ပြီး ဆီဆိုင်မြို့နယ်ကို အင်အား(၅၀၀)ဝန်းကျင်နှင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု PNLA ထံမှ သိရသည်။ 

ညောင်ရွှေမြို့နယ် ဘုရားတောင်ရွာဘုန်းကြီးကျောင်းအနီးရှိ စစ်ဘေးရှောင်စခန်းကို PNO ပြည်သူ့စစ်က၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင်  လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေးငယ်တစ်ဦးအပါ (၃)ဦး သေဆုံးပြီး (၁၇)ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။  

“ပြောစရာစကားမရှိတော့ပါဘူး။ အလွန်ယုတ်မာတဲ့ လုပ်ရပ်တွေပေါ့လေ။ လူထုတွေပဲရှိတဲ့ စစ်ရှောင်စခန်းကို လက်နက်ကြီးနဲ့ပစ်တယ်ဆိုတော့ ဒါတော်တော်ယုတ်မာတဲ့ လူတွေပေါ့။”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က Tachileik News Agency ကို ပြောသည်။ 

ညောင်ရွှေမြို့နယ် ရေပူဘုရားတောင်ကျေးရွာအုပ်စု ရေပူကျေးရွာရှိ ပအိုဝ်းတိုင်းရင်းသားများသည် ၂၀၂၄ခုနစ် ဧပြီလကတည်းက ညောင်လေးပင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသဖြင့် ဘုရားတောင်ကျေးရွာ ဘုန်းကြီးကျောင်းအနီး၌ စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။ 

ယမန်နေ့က ဘီလူးချောင်းအနောက်ဖက် ပင်လောင်းမြို့နယ် ပင်စုံအောက်ရွာဖက်ရှိ PNO ပြည်သူ့စစ်က ဘုရားတောင်ကျေးရွာအနီးရှိ အဆိုပါစစ်ရှောင်စခန်းကို လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် စစ်ရှောင်(၁၇)ဦး ဒဏ်ရာရကာ အသက်(၆)နှစ်အရွယ် မနန်းအေးမြင့်သန်း ဦးခေါင်းတွင် ကျည်စထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရသည်။ 

ထို့အပြင် လက်နက်ကြီးကြောင့် ခွန်သိန်းအောင် (၂၈)နှစ်၊ ဦးစိုင်း(၅၅)နှစ်တို့လည်း ထပ်မံသေဆုံးကာ (၁၄)ဦးမှာ ပြင်းထန်ဒဏ်ရာရရှိ၍ ဆေးရုံတင်ထားရသည်ဟု သိရသည်။ 

ယင်းနေ့တွင်ပင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့သည် အင်အား (၅၀၀) ကျော်ပါဝင်သည့် စစ်ကြောင်းလေးကြောင်းဖြင့် ဆီဆိုင်မြို့နယ် ပြန်လည်စိုးမိုးရေးအတွက် ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာအနီးနှင့် ဖြီကျွတ်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာက PNLA နှင့် တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ထိုသို့တိုက်ပွဲဖြစ်ပွားမှုအတွင်း ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များဘက်မှ (၃၀)ကျော်သေဆုံးကာ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။ 

ဖြီကျွတ်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ဖြီကျွတ်ရွာအနီး တောင်(၂)လုံးကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်ဖက်မှ တောင်နှစ်လုံးကြားတောင်ယာထဲတွင် (၁၀၀)ဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။ 

"သူတို့ခိုင်းတဲ့အတိုင်းမလုပ်ဘူးဆိုရင် မြေပြင်မှာ ပစ်သတ်တာမျိုး သတင်းတွေကြားနေရပါတယ်။ ဒါကြောင့် ပအိုဝ်းလူထုက စစ်ကောင်စီနဲ့ PNO ပြည်သူ့ စစ်တွေရဲ့ အသုံးချမှုကို အလူးအလဲခံနေရတဲ့ အနေအထားမှာရှိနေတာပေါ့။"ဟု ခွန်ရိမ်းယံက ဆက်ပြောသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်သည် စိတ်ကြွဆေးအသုံးပြုကာ စစ်တိုက်နေသည့် အနေအထားကိုလည်း တွေ့ရသဖြင့် သေဆုံးသူများသည်ဟုPNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိမ်းယံက ဆိုသည်။ 

"စစ်ကောင်စီက ဆက်သွယ်ရေး လေယာဥ်ပစ်ကူ လက်နက်ကြီးပစ်ကူပေးပြီး မြေပြင်ထိုးတာကတော့ ပအိုဝ်းရွာသားတွေကို စုစည်းထားတဲ့ အတင်းအဓမ္မကောက်ယူ ရက်တိုသင်တန်းပေးထားတဲ့ ပအိုဝ်းရွာသားတွေနဲ့ မြေပြင်မှာ ထိုးစစ်ဆင်ခိုင်းတာပေါ့လေ။ အဲဒီလိုထိုးစစ်ဆင်ခိုင်းတော့ မြေပြင်မှာ အကျအဆုံးတွေ အများကြီးရှိပါတယ်။"ဟု ၄င်းက ဆက်ပြောသည်။ 

လက်ရှိတွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် ဖြီကျွတ်ကျေးရွာတွင် တပ်စွဲကာ အင်အားပြန်လည်ဖြည့်တင်းနေသည်ဟု ဆိုသည်။ 

စစ်ကောင်စီနှင့် PNO သည် ဆီဆိုင်မြို့တောင်ဖက်ခြမ်းနှင့် အရှေ့ဖက်ခြမ်းကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မြေပြင်ထိုးစစ်အတွက် အင်အား(၈၀)ရာခိုင်နှုန်းကို ရက်တိုစစ်သင်တန်းပေးထားသူများအား အသုံးပြုကာ (၁၅)ရာခိုင်နှုန်းသာ စစ်ကောင်စီက လေကြောင်းနှင့် ဆက်သွယ်ရေးအတွက် အသုံးပြုနေသည်ဟု ဆိုသည်။

ထို့အပြင် ယနေ့ ဇန်နဝါရီလ (၁၈)ရက်နေ့ မနက်တွင်လည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ် ပအိုဝ်းကျေးရွာဖြစ်သည့် လွယ်ချယ်ကျေးရွာကို (၂)ကြိမ်တိုင်တိုင် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်။ 

စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က လက်နက်ကြီးများ ဒရုန်းများ တိုက်လေယာဥ်များအသုံးပြုကာ ပအိုဝ်းကျေးရွာများကို တိုက်ခိုက်နေခြင်းကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူများ ထောင်နှင့်ချီပြီး တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီသည် ဇန်နဝါရီလ (၁၅)ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ရဲစခန်းနှင့် ကျေးရွာဓမ္မာရုံတို့ ပျက်စီးခဲ့သည်။ 

#TachileikNewsAgency

#TNA_MAT

Photo:PNLA News & Information Department