ဖားကန့်မြို့နယ်ရှိ နွံကန်ပေါက်ကျကာ သေဆုံးသွားသူများထဲတွင် ကိုယ်ဝန်ဆောင် ရခိုင်တိုင်းရင်းသား လင်မယားနှစ်ဦးလည်းပါသွား

ဖားကန့်မြို့နယ်ရှိ နွံကန်ပေါက်ကျကာ သေဆုံးသွားသူများထဲတွင် ကိုယ်ဝန်ဆောင် ရခိုင်တိုင်းရင်းသား လင်မယားနှစ်ဦးလည်းပါသွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု စပေါ့ကျေးရွာရှိ နွံကန်ပေါက်ကျကာ သေဆုံးသွားသူများထဲတွင် ကိုယ်ဝန်ဆောင် ရခိုင်တိုင်းရင်းသား လင်မယားနှစ်ဦးလည်း ပါဝင်သွားသည်ဟု ကယ်ဆယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။

နွံကန်ပြိုကျမှုကြောင့် ကိုယ်ဝန်(၄)လရှိပြီဖြစ်သည့် ရခိုင်လင်မယား(၂)ဦးပါဝင်သွားပြီး ၎င်းတို့ကို ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ဗုဒ္ဓဘာသာလုပ်ထုံးနှင့်အညီ သင်္ဂြိုလ်သည်ဟု ဆိုသည်။

“အမျိုးသမီးဝမ်းဗိုက်ခွဲပြီး ကလေးခွဲထုတ်ပေးကြပေမယ့် ကလေးကို ရှာဖွေမတွေ့ရှိခဲ့ပါဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

အဆိုပါ ရခိုင်တိုင်းရင်းသား လင်မယားနှစ်ဦးကို ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး မိသားစုများမစုံလင်သေးသဖြင့် နောက်ဆုံးမှသာ သင်္ဂြိုလ်ပေးရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူ့တို့က ကိုယ်ဝန်ဆောင်ဆိုလို့သာ ကိုယ်တို့လည်း ကိုယ်ဝန်ဆောင်မှန်းသိရတာ။ လင်မယားနှစ်ယောက်လုံးက မြေပိတဲ့အထဲမှာပါသွားတာ။”ဟု ကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်အစောပိုင်းတွင် စပေါ့ကျေးရွာရှိ နွံကန်ပေါက်ကျမှုဖြစ်ပြီး နေအိမ် (၅၇)လုံး ပါသွားကာ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေရာက ယမန်နေ့အထိ (၃၁)ဦး၏ အလောင်းကို ရှာတွေ့ကာ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသည်ဟု ဆိုသည်။

သေဆုံးသူများမှာ ဗမာ၊ ရှမ်းနှင့် ရခိုင်လူမျိုးများဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo:မှော်မင်းသား