ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူများအနက် သင်တန်းကျောင်း နှင့် စုရပ်ကနေ ထွက်ပြေးသွားကြသူမှာ (၃၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၄ခုနှစ် မေလကနေ ဒီဇင်ဘာလအထိ လေ့ကျင့်ရေးသင်တန်းကျောင်း နှင့် စုရပ်နေရာများကနေ ပြန်လည်ထွက်ပြေးလာသူများမှာ (၃၀)ကျော်ရှိနေပြီး ထိုအထဲတွင် တာချီလိတ်မြို့နယ်အတွင်းက အများဆုံး ပါဝင်ကြောင်း သိရသည်။
ပြန်လည်ထွက်ပြေးလာကြသူများထဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းထဲမှ ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ ပုံပါကျင်၊ တာချီလိတ်၊ မိုင်းဖြတ်၊ တာလေမြို့တို့က ပါဝင်ပြီး အများဆုံးအနေဖြင့် တာချီလိတ်မြို့နယ်အတွင်းက (၁၅)ဦးအထက် ရှိကြောင်း သိရသည်။
"သင်တန်းကျောင်း နဲ့ စုရပ်နေရာကနေ ထွက်ပြေးကြတာများတယ်။ ပြန်ထွက်ပြေးသူတွေထဲမှာတော့ တာချီလိတ်မြို့နယ်က အများဆုံးပဲ။ အဲ့လို ထွက်ပြေးသူတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ရဲတပ်ဖွဲ့တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့်ခိုင်းထားတယ်။ ထွက်ပြေးတဲ့ထဲမှာ ဒီလူငယ်တွေပဲ မဟုတ်ဘူး။ အနေကြာတဲ့ တပ်သားတွေလည်း ထွက်ပြေးကြတာရှိသေးတယ်"ဟု အမည်မဖော်လိုသည့် စစ်မှုထမ်းဟောင်း တစ်ဦးက Tachileik News Agency ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းလားမှ လွဲ၍ မြို့နယ်ပေါင်း (၉)မြို့နယ်အနက် တာချီလိတ်မြို့နယ်တစ်ခုတည်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ထားသည့် အရေအတွက်မှာ (၃၀၀)ကျော်ရှိနေကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း၌ မြို့များအဖြစ် တာချီလိတ် အပါအဝင် တာလေ၊ ကျိုင်းလပ် စသည့် မြို့(၃)မြို့ ပါဝင်ခြင်း ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူပြီးမှ မရောက်လာသူများနှင့် ပြန်လည်ထွက်ပြေးသူများကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အရေးယူသွားမည်ဟုလည်း စစ်ကောင်စီဘက်က ကြေငြာထားရှိသည်။
"ဒီဥပဒေကြောင့် အမည်စာရင်းမှာ ပါပြီး စစ်မှုမထမ်းချင်ရင်တော့ ထွက်ပြေးမယ်ဆိုရင်တော့ လွတ်အောင်ထွက်ပြေးတာ ပိုကောင်းတယ်။ တချို့က ထွက်ပြေးလာပြီး နေအိမ်မှာ ပြန်နေကြတာရှိတယ်။ အဲ့တော့ ပြန်ဖမ်းခံရမှာပဲ။ အဲ့အတွက် တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့ဖွဲ့ကို ချိတ်ဆက်ပြီး ထွက်ပြေးတာ ပိုကောင်းတယ်။ " CDM စစ်သားတစ်ဦးက ပြောသည်။
နိုင်ငံအတွင်း တော်လှန်စစ်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်သားများမှာ သေဆုံးမှု အများအပြားရှိခဲ့သလို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများပါ ရှိလာပြီးနောက် အင်အားလျော့နည်းလာ၍ အင်အားဖြည့်တင်းနိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ဖြစ်သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့က ပြဌာန်းခဲ့ခြင်းဖြစ်သော်လည်း အရပ်သားအစိုးရလက်ထက် (၂)ဆက်တိုင်တိုင်တွင် ယင်းဥပဒေကို အသက်သွင်းခြင်း မရှိခဲ့ဘဲ ယခု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် အသက်သွင်းလာခြင်း ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်ဖြစ်စေ၊ စစ်ကောင်စီတပ်ကနေ ထွက်ခွာလို၍ ဖြစ်စေ ပြည်သူ့ပန်းတိုင်က Telegram ( https://t.me/PeopleGoa ) ကနေ ဖြစ်စေ Viber ( +66 94 652 9985 )ကနေ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားရှိသည်။