မန္တလေးတိုင်း မန္တလေးမြို့ပေါ်တွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရပြီးနောက် ခလရ (၂၅၅) တပ်တွင် တာဝန်ကျရာမှ ထွက်ပြေးလာသည့် စစ်သား (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံမှ သိရသည်။
မန္တလေးမြို့ပေါ်၌ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် အဓမ္မတပ်သားသစ်အဖြစ် စုဆောင်းခြင်းခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးသည် စလင်းမြို့နယ် တောစိမ့်ကျေးရွာအခြေစိုက် ခလရ (၂၅၅)တပ်တွင် တာဝန်ကျနေစဉ် ထွက်ပြေးတိမ်းရှောင်လာရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် ပကဖ-စလင်း က ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
“ထိုသူ ၃ ဦးအနေနဲ့ နယ်မြေခံမဟုတ်တော့ ချိတ်ဆက်အလင်းဝင်ခြင်းကဏ္ဍ မအောင်မြင်ခဲ့ပေမဲ့ စစ်ကောင်စီထံကနေ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်တာကြောင့် အရေးယူဆောင်ရွက်မှု ပြုလုပ်ဖို့တော့မရှိပါခင်ဗျာ။ လတ်တလောတော့ စိတ်ချယုံကြည်ရတဲ့အထိ စောင့်ကြည့်အခြေအနေနဲ့ပဲထားပြီး ရှေ့ဆက် လူသားစာနာအကူအညီတွေပေးသွားမှာပါခင်ဗျာ။”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။
ထွက်ပြေးလာသည့် စစ်သား (၃)ဦးသည် ရပ်စောက်မြို့ (ဗထူး)လေ့ကျင့်ရေးတပ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းများဖြစ်ပြီး ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းထားစဉ် စစ်ရာဇ၀တ်မှုကျူးလွန်ထားခြင်း ရှိ မရှိပါ တပါတည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီလက်အောက်မှ လက်နက်ခဲယမ်းများနှင့်အတူ ဘက်ပြောင်းအလင်းဝင်ရောက်လိုပါက ထိုက်သင့်သည့် ဆုကြေးငွေများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- စလင်းက အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း