စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း (၆)လောင်း တွေ့ရပြီး ဓါးပြမှုလည်း (၃)ကြိမ် ဖြစ်ပွား

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း (၆)လောင်း တွေ့ရပြီး ဓါးပြမှုလည်း (၃)ကြိမ် ဖြစ်ပွား
ဇန်နဝါရီ 9, 2025 | ရှမ်းမြောက်

ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၏ ဒီဇင်ဘာလ တစ်လတာအတွင်း ဓါးပြမှု (၃)ကြိမ် ဖြစ်ပွားခဲ့သလို ပိုင်ရှင်မဲ့ အလောင်း (၆)လောင်း တွေ့ရှိရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း  PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့  ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၉ ) ရက်နေ့တွင် ထုတ်ပြန်သည်။

မူဆယ်မြို့တွင် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း ( ၂ ) လောင်း၊ ဒီဇင်ဘာ ( ၁၂ ) ရက်နေ့တွင် ရုပ်အလောင်း ( ၃ ) လောင်းနှင့် ဒီဇင်ဘာလ ( ၂၅ ) ရက်နေ့တွင် ရုပ်အလောင်း ( ၁ ) လောင်း စုစုပေါင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ( ၆ ) လောင်းတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့သည့် မူးယစ်ဆေးဝါးကြောင့် သေဆုံးသူများဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ( ၂၁ ) ရက် နှင့် (၂၂)ရက်နေ့များတွင်  မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် ကားလုယက်မှု နှင့် အမျိုးသမီး (၂) ဦးအား ရွှေသမင်ကုန်းအဆင်းတွင် သေနတ်ဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ( ၂၅ ) ရက်နေ့တွင် ဈေးသည်အမျိုးသမီး ( ၁ ) ဦးအား တရုတ်အမျိုးသား ( ၂ ) ဦးမှ ဓားပြတိုက်ပြီး  ငွေများ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့တွင် လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူခြင်းမရှိဟု PSLF/TNLA က ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် အဖွဲ့စုံ၏ လှုပ်ရှားမှုရှိနေပြီး လူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲမှုများလည်း ပိုမိုများပြားလာနေကာ၊ ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။