ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ်ပိုင်းတွင် ဗုံးကြဲချရာ လူဦးရေ (၄၀) ကျော်သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၄၁) ဦးသေဆုံးပြီး (၅၀)ဦးကျော် ဒဏ်ရာရသည်ဟု ဆိုသည်။
“၄၁ တစ်ဦးသေတယ်။ ၅၂ ဦး ဒဏ်ရာရတယ်။ မိန်းမ၊ ယောကျ်ား၊ ကလေးတွေ ဗုံးထိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရကုန်ကြပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်နီမော်တိုက်နယ်ရှိ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်ရှိ နေအိမ် (၅၀၀) ဝန်း ကျင်လည်း မီးလောင်ပျက်စီးသည်ဟု သိရသည်။
“ဒဏ်ရာရတဲ့လူတွေနဲ့ နေအိမ်တွေလည်း ပျက်စီးသွားတယ်။ အကူအညီတွေ လိုအပ်နေပါတယ်။”ဟု ဒေသခံများအား ကူညီပေးနေသူတစ်ဦးက Tachileik Neews Agency ကိုပြောသည်။
ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်နေပြီး အသက်နှင့် အမည်စာရင်းကိုမူ ကောက်ယူနိုင်ခြင်းမရှိသေးဟု ဆိုသည်။
ရမ်းဗြဲမြို့သည် အာရက္ခတပ်တော်(AA)၏ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်မြိုလုံးနီးပါး ပျက်စီးသွားရာ ပြန်လည်ထူထောင်ရေးစတင်နေသည့် မြို့လည်းဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo: APM