စစ်တပ်အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလအတွင်း မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ပျက်စီးဆုံးရှုံး

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလအတွင်း မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ပျက်စီးဆုံးရှုံး

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ထိခိုက်ပျက်စီးဆုံးရှုံးရကြောင်း Data For Myanmar ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်အထိ လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံအနှံ့တွင် အရပ်သားနေအိမ် တသိန်းကျော် (၁၀၆,၄၀၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အများစုမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း သိရသည်။

လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်းတွင် နေအိမ်ပေါင်း ခုနှစ်သောင်းကျော် (၇၃,၉၇၄) လုံး ဆုံးရှုံးခဲ့ပြီး ၊ အဆိုပါ ဆုံးရှုံးမှုသည် တနိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားနေအိမ် စုစုပေါင်း၏ (၆၉) ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းများတွင်လည်း မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သား နေအိမ်ပေါင်း (၂၉,၆၉၆)လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်ရပ်ကွက်များက နေအိမ်ပေါင်း (၃ဝဝ) ကျော် ပျက်စီး ဆုံးရှုံးနိုင်ကြောင်း သိရသည်။

ထို့အပြင် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်စဉ်များအတွင်း နေအိမ်ပေါင်း (၃၀၀) ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် အရပ်သားနေအိမ် (၂,၁၁၁) လုံး ၊ ၂၀၂၂ ခုနှစ်တွင် (၄၆,၈၅၆) လုံး၊ ၂ဝ၂၃ ခုနှစ်တွင် (၃၁,၆၃၃) လုံးနှင့် ၂ဝ၂၄ ခုနှစ်(စက်တင်ဘာလကုန်အထိ)တွင် (၂၅,၈၀၉) လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ၊ လအလိုက် မီးရှို့ဖျက်ဆီးခံရမှုများအရ ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အများဆုံးဖြစ်ခဲ့ပြီး နေအိမ် (၁၀,၅၆၂) လုံး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ချင်းပြည်နယ် ကလေးမြို့ စက္ကန့်ရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်က မီးရှို့ဖျက်ဆီးခဲ့စဥ် (ပုံဟောင်း)