ထိုင်းနိုင်ငံ ခို့စမွီကျွန်းပေါ်တွင် မြေပြိုမှုကြောင့် မြန်မာနိုင်အလုပ်သမား(၂)ဦး သေဆုံးသွားကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၄) နာရီခန့်တွင် မြေပြိုမှု ဖြစ်ပွားရာမှ တောင်စောင်းတစ်ခုပေါ်ရှိ အပန်းဖြေစခန်း တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ဦး၏ ယာယီတဲ တစ်စိတ်တစ်ပိုင်းကို မြေကြီးများ ဖုံးလွှမ်းသွားခဲ့ခြင်း ဖြစ်သည်။
မြေပြိုမှု ဖြစ်ပွားချိန်တွင် အလုပ်သမား (၈) ဦး အိပ်မောကြနေချိန်ဖြစ်သလို မြေပြိုမှု ဖြစ်ပွားခြင်းကြောင့် ၎င်းတို့မှာ ရုတ်တရက် လန့်နိုးလာခဲ့ကြပြီး ၎င်းတို့၏ ယာယီတဲများအနက်မှ တစ်ခုမှာ ရွှံ့နွံများ ဖုံးလွှမ်းသွားသည်ကို တွေ့ခဲ့ရသည်ဟု စမွီကယ်ဆယ်ရေးဌာန အကြီးအကဲ Pornchai Subprasert က ဆိုသည်။
"စ ဖြစ်ဖြစ်ချင်းမှာ အခု ပျောက်နေတဲ့ မြန်မာ (၂) ဦးက ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း မြေကြီးထဲ နစ်မြုပ်နေခဲ့ပြီး အော်ဟစ် အကူအညီတောင်းနေခဲ့ကြတယ်။ အလုပ်သမားတွေကလည်း သူတို့ကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ထပ် မြေပြိုကျလာမှုနဲ့အတူ သူတို့ (၂) ဦး လုံးဝ နစ်မြုပ်သွားချိန်မှာ အဲဒီနေရာကနေ ထွက်ပြေးခဲ့ကြရတယ်" ဟု Pornchai က ပြောသည်။
စစ်သားများ၊ ဒေသခံ ကယ်ဆယ်ရေးသမားများနှင့် ဆောက်လုပ်ရေးအလုပ်သမားများ ပါဝင်ကြသော ကယ်ဆယ်ရေးအဖွဲ့များက မြန်မာအလုပ်သမား (၂) ဦးကို အပြင်းအထန် လိုက်လံ ရှာဖွေခဲ့ကြကြောင်း သိရသည်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက နံနက်အစောပိုင်းကနေ စတင်ရှာဖွေရာ ဒီဇင်ဘာလ(၁၅)ရက်နေ့၏ ညနေ(၃)နာရီခွဲဝန်းကျင်တွင် ပျောက်နေသည့် မြန်မာအလုပ်သမား(၂)ဦးအနက် အသက်(၁၉)နှစ်ရှိ အောင်ကိုကို ဆိုသူ၏ အလောင်းကို မြေပြိုမှုများအကြား သေဆုံးလျက်ဖြင့် တွေ့ရှိရကြောင်း သိရသည်။
ကျန်ရှိနေသည့် တစ်ဦးအား ဆက်လက်၍ ရှာဖွေရာ နောက်ထပ် မိနစ်(၂၀)ဝန်းကျင်အကြာတွင် အသက်(၃၉)နှစ်အရွယ်ရှိ မိုးဇက်(မိုးစက်) ဆိုသူ၏ အလောင်းအား ထပ်မံတွေ့ရှိရ၍ အလောင်း(၂)လောင်းစလုံးကို ကော့စမွေဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
လက်ရှိတွင် မြေပြိုမှုဖြစ်ပွားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ကာ ယာယီကန့်သတ်ထားလိုက်ကြောင်းလည်း သိရသည်။
Hydro-Informatics Institute (HII) ၏ ထုတ်ပြန်ချက်အရ ခို့စမွီကျွန်းပေါ်တွင် (၂၄) နာရီအတွင်း မိုးရေချိန် (၂၀၀) မီလီမီတာ ရွာသွန်းခဲ့ရာမှ မြေပြိုမှု ဖြစ်ပွားစေခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်တွင် Department of Mineral Resources က ခို့စမွီကျွန်းနှင့် အနီးအနားရှိ Koh Phan Gan ကျွန်း (၂) ခုလုံး၌ မြေပြိုမှု အန္တရာယ်ရှိကြောင်း သတိပေးချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။
Source: The Thaiger, Matichon Online
Photo: The Thaiger, Matichon Online