ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း မြန်မာငါးဖမ်းစက်လှေ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း မြန်မာငါးဖမ်းစက်လှေ ဖမ်းဆီးခံရ
ဒီဇင်ဘာ 15, 2024
By Mr John

 ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းပြည်နယ်တွင် မြန်မာငါးဖမ်းစက်လှေတစ်စီးကို သိမ်းဆည်းခဲ့ပြီး စက်လှေလုပ်သား (၆) ဦးကို မှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးလိုက်သည်။ 

ထိုငါးဖမ်းစက်လှေပေါ်တွင် ပုစွန်ချဥ် (၄၀,၀၀၀) ကီလိုဂရမ် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက စက်လှေကို သိမ်းဆည်းပြီး စက်လှေလုပ်သားများကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

နိုင်ငံအတွင်းသို့ ရေထွက်ကုန်များ စက်လှေဖြင့် မှောင်ခိုတင်သွင်းလာကြောင်း သတင်းပေးမှု လက်ခံရရှိပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက် ည (၉) နာရီတွင် ရေတပ်အရာရှိများများ ဦးဆောင်သော အာဏာပိုင်များက Waithong ဆိပ်ခံတံတားသို့ သွားရောက် စစ်ဆေးခဲ့ကြကြောင်း ထိုင်းနိုင်ငံ ရေကြောင်းထိန်းသိမ်းရေး ကွပ်ကဲမှုဌာန နယ်မြေ (၃) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ပြောသည်။

ထိုသို့ သွားရောက်စစ်ဆေးရာ ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသော မြန်မာငါးဖမ်းစက်လှေနှင့် စက်လှေလုပ်သားများကို တွေ့ခဲ့သည်။

၎င်းတို့ထံတွင် ထိုင်းနိုင်ငံအတွင်းသို့ ရေထွက်ကုန်များ တင်သွင်းလာရန် ခွင့်ပြုချက် မပါရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ 

စက်လှေကို ရှာဖွေမှုအတွင်း ပုစွန်ချဥ် (၂၀) ကီလိုဂရမ်စီ ပါဝင်သော အိတ် (၂,၀၀၀) ကို တွေ့ရှိခဲ့သည်။ 

စက်လှေလုပ်သားများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် Pak Nam ရဲစခန်းသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။

ယခုဖြစ်ရပ်မှာ မြန်မာရေတပ် ကင်းလှည့်ရေယာဥ်က ရနောင်းကမ်းလွန် မြန်မာရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းစက်လှေကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် သီတင်း (၂) ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 ငါးဖမ်းစက်လှေပေါ်မှ ထိုင်းငါးဖမ်းသမား (၄) ဦးကို လက်ရှိအချိန်အထိ မြန်မာဘက်က ဖမ်းဆီးထားဆဲဖြစ်ပြီး ၎င်းတို့ ပြန်လည်လွတ်မြောက်ရေး ဆွေးနွေးညှိနှိုင်းရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။

 

Source: Bangkok Post

Photo: Thai MECC 

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...