တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင့် အနီးဆုံးရှိ ငွေလဲဆိုင်မှ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး နှင့် အနီးဆုံးရှိ ငွေလဲဆိုင်မှ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ

 ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မီတာ(၇၀)ဝန်းကျင်သာ ကွာဝေးသည့် ငွေလဲဆိုင်က  တရုတ်အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း KBZ Bank (၂)ရှေ့ ရှိ ငွေလဲဆိုင်တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်ပြီး ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသည့် ငွေလဲဆိုင်သည် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မီတာ (၇၀)ဝန်းကျင်သာ ကွာဝေးပြီး ပြန်ပေးဆွဲအဖွဲ့က ကားတစ်စီးဖြင့် ရောက်ရှိလာကာ ကားအတွင်းမှ သေနတ်ရှည်ကိုင်ဆောင်ထားသည့် အမျိုးသား(၃)ဦး ထွက်လာပြီး တရုတ်အမျိုးသားအား ကားပေါ် ဆွဲခေါ်သွားခြင်း ဖြစ်သည်ကို CCTV မှတ်တမ်းအရ သိရသည်။

ပြန်ပေးဆွဲခံရသူမှာ ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် တရုတ်အမျိုးသား အသက်(၇၈)နှစ်ရှိ  ဦးရန်ထင်ချန်းဆိုသူ ဖြစ်ပြီး  ကားပေါ်သို့ အတင်းဆွဲခေါ်သွားခြင်းကြောင့် နေအိမ်တွင်းမှ အမျိုးသမီးတစ်ဦးက လိုက်လံ ပြန်ဆွဲရာ ထိုအမျိုးသမီးမှာ ကားဖြင့် တရွတ်တိုက်ပါသွားပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဝန်းကျင်တွင် ကျကျန်ခဲ့သည်ကိုလည်း CCTV မှတ်တမ်းအရ တွေ့ရသည်။

 

ပြန်ပေးဆွဲမှုနှင့် ပတ်သက်ပြီး ယနေ့  နံနက်(၁၀)နာရီခွဲဝန်းကျင်အထိ တာချီလိတ်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ အနီးတဝိုက်ရှိ CCTV များကို လိုက်လံ ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့သွားလမ်းပေါ်  မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တည့်တည့်၌  ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်ကလည်း   အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း လူငယ်(၅)ဦးတို့အား  Crown အမျိုးအစား အဖြူ ရောင်ကား နှင့် ဆိုင်ကယ်တို့ဖြင့်  ရောက်ရှိလာသည့်  အမျိုးသား စုစုပေါင်း (၈)ဦးသည် သေနတ်များ ကိုင်ဆောင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ဖမ်းမိခြင်း မရှိသေးကြောင်း သိရသည်။

#TachileikNewsAgency