တာချီလိတ်မြို့တွင်း လမ်းမကြီးတလျှောက်ရှိ ပျံကျ ညဈေးသည်များကို ရွှေ့ပြောင်းပြီး ဂေါက်ကွင်းလမ်းတွင် ညဈေး ဖွင့်လှစ်ပေးနိုင်ရန် လျာထား

တာချီလိတ်မြို့တွင်း လမ်းမကြီးတလျှောက်ရှိ ပျံကျ ညဈေးသည်များကို ရွှေ့ပြောင်းပြီး ဂေါက်ကွင်းလမ်းတွင် ညဈေး ဖွင့်လှစ်ပေးနိုင်ရန် လျာထား
ဒီဇင်ဘာ 12, 2024 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်  ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက်၏ ဘေးဘယ်ညာများရှိ ညပိုင်းရောင်းချသည့် အစားအသောက်နှင့် ဈေးသည်များကို လက်ရှိနေရာများတွင် ရောင်းချခြင်း ခွင့်မပြုတော့ဘဲ ညစျေး(Night Market) သီးသန့်ပြုလုပ်ကာ ရောင်းချနိုင်ရန်အတွက် လတ်တလောတွင် ဂေါက်ကွင်းသွား လမ်းတလျှောက်ကို အကြမ်းအားဖြင့် လျာထားကြောင်း သိရသည်။

"လက်ရှိ ဗိုလ်ချုပ်လမ်းတလျှောက်မှာရှိတဲ့ ဈေးသည်တွေအတွက် ညဈေးကိုတော့ ဂေါက်ကွင်းလမ်း တလျှောက်မှာ ပြောင်းရွှေ့ဖို့ လျာထားကြတယ်။ ခရိုင်ကတော့ လောလောဆယ် လျာထားတဲ့ သဘောပါ။ အတည်ပြု ဆုံးဖြတ်တာတော့ မလုပ်ရသေးဘူး။ နောက်တစ်ခေါက် အစည်းအဝေးတွေကျမှပဲ အသေးစိတ် ဆွေးနွေးကြပြီး ဆုံးဖြတ်ကြမှာ။"ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

တာချီလိတ်မြို့တွင်း ညဈေးကိစ္စ အပါအဝင် အခြားကိစ္စများနှင့် ပတ်သက်ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  မြို့မိမြို့ဖ လုပ်ငန်းရှင်များ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့က တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် တွေ့ဆုံကာ ဆွေနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင်းရှိ တစ်ခုတည်းသော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ အကျယ်အဝန်းမှာ အချို့သော နေရာများ၌ အကျဉ်းဆုံးအနေဖြင့် အနည်းဆုံး ပေ(၃၀)ဝန်းကျင်က‌နေ ပေ(၄၀)ဝန်းကျင်သာရှိပြီး လက်ရှိတွင် မြို့တွင်း၌ ကားနှင့်ဆိုင်ကယ် များပြားလာသလို လမ်းဘေး ပျံကျဈေးသည်များလည်း များပြားလာသည့်အတွက် မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများမှာ အချိန်နှင့်အမျှ ဖြစ်ပေါ်နေခြင်းကြောင့် ညဈေး သီးသန့်ရှိရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။

“ အဓိက ကတော့ မိန်းလမ်းမကြီးပေါ်မှာ ယာဉ်ကြော မပိတ်ဆို့အောင်ရယ်။ ဈေးသည်တွေ အနေအထား ကောင်းအောင်ရယ် စီစဉ်တာလို့ ပြောတယ်။”ဟု ၎င်းက ဆက်လက် ပြောပြသည်။

ညဈေးဖော်ဆောင်ရန်အတွက် လက်ရှိတွင် ရွှေမြန်မာဟိုတယ်ရှေ့ရှိ ဂေါက်ကွင်းလမ်းအစကနေ ဂေါက်ကွင်းလမ်းအဆုံးရှိ မုခ်ဦးအနီးဝန်းကျင်အထိ လျာထားပြီး ကား/ဆိုင်ကယ်ရပ်နားရေး အပါအဝင် ဈေးရောင်းချမည့်နေရာ သတ်မှတ်ရေး စသည့် အသေးစိတ်ကိစ္စများကို ဆက်လက် ဆွေးနွေးပြီးမှသာ ဂေါက်ကွင်းလမ်းတလျှောက်ကို ညဈေးအဖြစ် အတည်ပြုမည်ဟု သိရသည်။

ဂေါက်ကွင်းလမ်းတလျှောက်အား ညဈေးအဖြစ် အတည်အပြုပြီးပါက ဈေးရောင်းချချိန်ကိုလည်း အကြမ်းအားဖြင့် ညနေ(၄)နာရီ ဝန်းကျင်ကနေ ည(၁၂)နာရီဝန်းကျင်အထိ လျာထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ညဈေးရောင်းချသည့် အရေအတွက်မှာ ရှမ်းရိုးမကွင်းရှေ့တွင် အများဆုံးဖြစ်ပြီး မြို့တွင်း လမ်းတလျှောက်တွင်လည်းရှိနေရာ အဓိက အားဖြင့် ရှမ်းရိုးမကွင်းရှေ့ ရှိ ညဈေးသည်များ အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက်ရှိ ညဈေးရောင်းချသည့် ပျံကျဈေးသည်များ အားလုံးကို ညဈေးနေရာအသစ်သို့ ပြောင်းရွှေ့ရောင်းချစေမှာဖြစ်ပြီး နေရာဟောင်းတွင် လုံးဝ ရောင်းချခွင့်ရှိမှာ မဟုတ်တော့ကြောင်း သိရသည်။