ဖလမ်းမြို့နယ်ရှိ ဒေသဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအပါ ၇ ဦးသေဆုံးရ

ဖလမ်းမြို့နယ်ရှိ ဒေသဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများအပါ ၇ ဦးသေဆုံးရ

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဒေသဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျန်းမာရေး ဝန်ထမ်း(၂)ဦးအပါအဝင် အရပ်သား (၇)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရသည်ဟု ချင်းပြည်အစိုးရအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့ရှိ Lumte ဆေးရုံအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဆေးရုံအဆောက်အဦးနှင့် အနီးရှိ နေအိမ်များ ပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် အပြစ်မဲ့ပြည်သူများနှင့် ၎င်းတို့အားထားရာ ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သဖြင့် စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်သည်ဟုလည်း ချင်းပြည်အစိုးရက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရမှုများအပေါ် ဝမ်းနည်းကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးသွားမည်ဟုလည်း ချင်းပြည်အစိုးရဘက်က ကတိပြုသည်။

ထို့အပြင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသူများနှင့် အဖွဲ့များအား ပြင်းထန်စွာအရေးယူသွားမည်ဟုလည်း ဆိုသည်။

ဖလမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းညီနောင်မဟာမိတ်ပူပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ (၂၅)ရက်နေ့ကစပြီး ချင်းညီနောင်မဟာမိတ်အဖွဲ့က ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး မြို့ပေါ်နေ ဒေသခံများအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ