ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နှင့် လွိုင်လင်မြို့နယ်အကြားတွင် စစ်ကောင်စီ၊ PNO နှင့် RCSS ပူးပေါင်းတပ်များက SSPP တပ်များကို ထိုးစစ်ဆင်ရန် အင်အားဖြည့် ပြင်ဆင်နေမှုကြောင့် စစ်ရေးတင်းမားနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသအခေါ် ဆနင်းတောင်ကြောရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ တပ်စခန်း တချို့ကို စစ်ကောင်စီ၊ PNO နှင့် RCSS တပ်များက ပူးပေါင်းထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းနေသဖြင့် SSPP ဘက်ကလည်း အင်အားဖြည့်တင်းကာ စစ်ရေးတင်းမားနေသည်ဟု ဆိုသည်။
“ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်အစပ်ပေါ့လေ တောင်တန်းတွေပေါ်မှာ ဆနင်းတောင်ကြော လို့လည်းပြောလို့ရတယ်။ အဲဒီဒေသကို စစ်ကောင်စီရယ်၊ PNO ပြည်သူ့စစ်ရယ်၊ RCSS ရယ်က ပူးပေါင်းပြီးတော့မှ ပြန်လည် ထိုးစစ်ဆင်ဖို့ လုပ်နေတယ်။ အဲဒီသတင်းထွက်နေလို့ တစ်ဖက်ကလည်း အင်အားဖြည့်တင်းလာတာတွေတော့ရှိတယ်ပေါ့လေ။” ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ပြောသည်။
ဆနင်းတောင်ကြောတွင် ယခင်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တပ်အထိုင်ချရာက SSPP တပ်များ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ပြန်လည်ရရှိရန် RCSS ဘက်က စစ်ကောင်စီနှင့်ပူးပေါင်း၍ အင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
“ထိုးစစ်ဆင်ဖို့ လုပ်နေတာရှိတယ်။ ဒီကြားထဲမှာတော့ ကြိုကြား ဒရုန်းနဲ့ဗုံးကြဲတာတွေ ရှိနေတယ်။ ကားနဲ့မိုင်းဆွဲတာမျိုးရှိတယ်။ တိုက်ပွဲကြီးတော့ မဖြစ်သေးဘူး။ ဒါပေမယ့်လည်း ခုလိုအခြေအနေက တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေပါ။”ဟု ဒေသခံတစ်ဦးကလည်း Tachileik News Agencyကိုပြောသည်။
ထိုသို့ နှစ်ဖက်အင်အားဖြည့်တင်းလာသည်မှာ ပြီးခဲ့သည့် ရက်ပိုင်းကစတင်၍ ဖြစ်ပြီး အနီးရှိ ကျေးရွာများကို ညနေ(၄)နာရီနောက်ပိုင်း နေအိမ်အပြင်မထွက်ရန် တပ်ဖွဲ့များဘက်က အသိပေးခြင်းများရှိသည်ဟုလည်း ဆိုသည်။
နိုဝင်ဘာလ(၂၅)ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်စခန်းငယ်နှစ်ခုနှင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ၏ နေအိမ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့က အင်အား(၁၀၀)ကျော်ဖြင့် ဝင်ရောက် ဖျက်ဆီးသွားကြောင်း SSPP က သတင်းထုတ်ပြန်ခဲ့သည်။
RCSS ဘက်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသခံ ပြည်သူတစ်ဦးအပါအဝင် SSPP တပ်ဖွဲ့ဝင်(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ ကော်မတီဝင်တစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားသည်ဟု ဆိုသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့များကို ဆက်သွယ်နေသော်လည်း အဆက်အသွယ်မရပါ။
#TachileikNewsAgency