နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းသကြားစက်ကို စစ်ကောင်စီဗုံးကြဲပြီး လက်နက်ကြီးနှင့်ပစ်သဖြင့် စက်ရုံဝန်ထမ်းတစ်ဦးသေဆုံး

နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းသကြားစက်ကို စစ်ကောင်စီဗုံးကြဲပြီး လက်နက်ကြီးနှင့်ပစ်သဖြင့် စက်ရုံဝန်ထမ်းတစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့ ည(၇)နာရီဝန်းကျင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးနှင့် ထပ်မံပစ်ခတ်ရာ စက်ရုံဝန်ထမ်းတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းဝိုင်းသကြားစက်ရုံကို လေကြောင်းမှ ဗုံး(၂)ကြိမ် လာရောက်ကြဲချရာ စက်ရုံဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးပြီး ဂိုဒေါင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မီးလောင်ပျက်စီးသည်ဟု သိရသည်။

“အင်းဝိုင်းရွာကို အမြန်ဆုံးပြောင်းရွှေ့ခိုင်းနေပြီလို့လည်း သိရပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာကတော့ ဝက်ဝံလား၊ ဘန့်ဘွေးလားပဲ အဲဒီဘက်က ပစ်တာလို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သကြားစက် အမှတ်(၃)အနီးသို့ ကျရောက်ပေါက်ကွဲကာ ဂိုဒေါင်တစ်လုံး ပျက်စီးသွားသည်ဟုလည်း ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာလ(၁)ရက်နေ့ကလည်း နောင်ချိုမြို့နယ် နောင်ချို-အုမ္မသီးလမ်းခွဲအနီးရှိ ဆမ္မဆယ်သကြားစက်ကို ဗုံးကြဲတိုက်ခိုက်ရာ စက်ရုံဝန်ထမ်း (၄)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့်လများကလည်း နောင်ချိုမြို့ရှိ အင်းဝိုင်းသကြားစက်၊ မိုင်းရယ်မြို့နယ်ရှိ သကြားစက်ရုံတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး (၈)ဦးထက်မနည်း ဒဏ်ရာရကာ အဆောက်အဦးများလည်း ပျက်စီးခဲ့သေးသည်။

#TachileikNewsAgency

Photo:CJ