တရုတ်က ဆင်ဖြူဂိတ်ကို ကုန်အဝင်၊ အထွက်ပိတ်ပြီး အခွန်ရမည့် မန်ဝိန်းပေါက် မှ တင်သွင်းခွင့်ပြု

တရုတ်က ဆင်ဖြူဂိတ်ကို ကုန်အဝင်၊ အထွက်ပိတ်ပြီး အခွန်ရမည့် မန်ဝိန်းပေါက် မှ တင်သွင်းခွင့်ပြု

အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်ကိုသွားပြီးနောက် မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ် သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်ဘက်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ကစတင်ကာ ပိတ်ပင်ကြောင်း တရားဝင်ထုတ်ပြန်လာပြီး မန်ဝိန်းဂိတ်မှသာ သယ်ယူခွင့်ပြုတော့မည့်အခြေအနေဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

ယခင်က တနိုင်တပိုင်ကုန်သယ်သည့် ဆင်ဖြူဂိတ်မှ လူကိုသာ ပေးဖြတ်တော့မည်ဖြစ်ပြီး လုပ်ငန်းသုံးမဟုတ်သော သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်သည့် ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီးလက်တွန်းလှည်းတို့ဖြင့် ကုန်ပစ္စည်းသယ်ယူခြင်းကို ခွင့်မပြုတော့ကြောင်း ထုတ်ပြန်ထားသည်။

“ဒီကနေ့ နောက်ဆုံးဆိုတော့ ညတုန်းက တရုတ်ဘက်ကနေ ဆင်ဖြူပေါက်ကနေထွက်ဖို့ ဆိုင်ကယ်တွေ အရှည်ကြီးပဲ ညကတည်းက တန်းစီပြီးစောင့်နေကြတာ။ ဆင်ဖြူပေါက်ကနေ ကုန်သယ်တဲ့ဟာတွေကို ထွက်ခွင့်မပေးတော့ဘဲ မန်ဝိန်းပေါက်ကနေပဲ ထွက်ခွင့် ပေးမယ့်သဘော။ မြန်မာဘက်နေဆို ကုန်အဝင်မရှိတော့ဘူး။”ဟု ကုန်သယ်တစ်ဦးက Tachileik News Agency ကိုပြောသည်။

မန်ဝိန်းဂိတ်သည် စစ်ကောင်စီနှင့် တရုတ်အစိုးရတို့အကြား အခွန်အခရရှိသည့် ဂိတ်ဖြစ်သဖြင့် ဆင်ဖြူဂိတ်မှ ကုန်ပစ္စည်းသယ်ယူခွင့်ကို ပိတ်ပင်ကာ မန်ဝိန်းဂိတ်မှ ကုန်ပစ္စည်းသယ်ယူရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“မန်ဝိန်းဆိုတာက G to G သွားတဲ့အပေါက်၊ ကုန်ကားကြီးတွေ၊ တွဲကားတွေပဲ သွားတဲ့အပေါက်။ တရုတ်ဘက်က မနေ့ညပိုင်းလောက်က ဆင်ဖြူပေါက်မှာ စာကပ်ပြီးကြေညာတာ။ မန်ဝိန်းဘက်ကနေ ကုန်သယ်ခိုင်းရင်တော့ ကုန်ကန့်သတ်တာ၊ အစစ်အဆေးများတာ၊ တစ်ရက်နှစ်ခေါက်တောင်မရတော့ဘဲ နှစ်ရက်မှ တစ်ခေါက်လောက်ပဲ သယ်လို့ရတော့မယ့် အခြေအနေဖြစ်သွားမယ်။”ဟု ဒေသခံကုန်သည်တစ်ဦးက Tachileik News Agency ကိုပြောသည်။

တရုတ်ဘက်က ထုတ်ပြန်ချက်တွင် ကျယ်ဂေါင်မှ ပြည်ဝင်ပြည်ထွက် ကုန်ပစ္စည်းများ အားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတဆင့် ဝင်ထွက်ရမည်ဖြစ်ကြောင်း ပါရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်နိုင်ငံဘက်က တနိုင်တပိုင် မြန်မာကုန်သယ်များကို အိမ်သုံးပစ္စည်း၊ လူသုံးကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်နှင့် ဆိုလာအပါအဝင် ဘိလပ်မြေကဲ့သို့ အိမ်ဆောက်ပစ္စည်းများအား သယ်ယူခွင့်ပိတ်ပင်ခဲ့ပြီး ယခုမန်ဝိန်းပေါက်မှလည်း အဆိုပါပစ္စည်းများကို သယ်ယူခွင့်ကန့်သတ်ထားသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့် ခမ်းနယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပြီးနောက်ပိုင်း စစ်ပွဲများရပ်တန့်ရန် တရုတ်ဘက်က ညီနောင်(၃)ဖွဲ့ကို ဖိအားပေးနေခြင်းများရှိသည်။

#TachileikNewsAgency

Photo: CJ