ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦး ဒဏ်ရာရပြီး နေအိမ် (၁)လုံး ပျက်စီးကြောင်း KNU ဗဟိုမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆောထိမြို့နယ်အတွင်း ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ နံနက် (၉) နာရီတွင် စစ်ကောင်စီတပ် ခမရ (၄၄၀) တပ်ရင်းမှ (၈၁) မမ (၁) လုံး ပစ်ခတ်ခဲ့ရာ ကွင်းဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေးငယ် (၂)ဦး အပါအဝင် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နေ့လယ် (၁)နာရီကျော်တွင် စစ်ကောင်စီတပ်များသည် ကျောက်တံခါးမှနေ၍ သမင်အင်းကုန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်တံခါး၊ ခိုလိုကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ညနေ (၃)နာရီတွင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေါင်းမို့ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ နံနက် (၇)နာရီခွဲတွင် စစ်ကောင်စီ ခလရ (၂၆၄) တပ်ရင်းမှ (၁၂၀)မမ (၇)လုံး ပစ်ခတ်ခဲ့ရာ ဝမ်ချဲကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် သရက်ပင်မောင်နှမ ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၄၃၀,၁၆၁)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo:𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻