ဓမ္မစကူးလ်ဆရာမ အဖြစ်ကနေ အနုပညာလောကထဲ ရောက်သွားသည့် မနန်းဝေဝေမြင့်၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး ဓမ္မစကူးလ်အဖွဲ့နှင့် မသက်ဆိုင်ကြောင်း အသိပေး ထုတ်ပြန်ထားရသလို ပြည်နယ်အဆင့်ထိ တင်ပြထား

16.10.2024 2:15PM အချိန်အထိ ဓမ္မစကူးလ်ပုံရိပ်ပါသည့် Profile ပုံကို ဆက်လက်အသုံးပြုထားစဉ်
16.10.2024 2:15PM အချိန်အထိ ဓမ္မစကူးလ်ပုံရိပ်ပါသည့် Profile ပုံကို ဆက်လက်အသုံးပြုထားစဉ်
ဓမ္မစကူးလ်ဆရာမ အဖြစ်ကနေ အနုပညာလောကထဲ ရောက်သွားသည့် မနန်းဝေဝေမြင့်၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး ဓမ္မစကူးလ်အဖွဲ့နှင့် မသက်ဆိုင်ကြောင်း အသိပေး ထုတ်ပြန်ထားရသလို ပြည်နယ်အဆင့်ထိ တင်ပြထား
အောက်တိုဘာ 16, 2024 | ရှမ်းရှေ့

 တာချီလိတ် ဓမ္မစကူးလ်ဆရာမအဖြစ်ကနေ အနုပညာလောကထဲ ရောက်သွားသည့် မနန်းဝေဝေမြင့် နှင့် ပတ်သက်ပြီး ၎င်း၏ ဝတ်စားဆင်ယင်မှုနှင့် သွားလာလှုပ်ရှားမှုများကို  ဆိုရှယ်မီဒီယာများနှင့် လူမှုကွန်ရက်များတွင် လုပ်ဆောင်ဖော်ပြနေသည့် အရာမှန်သမျှသည် ဓမ္မစကူးလ်နှင့် လုံးဝ မသက်ဆိုင်ကြောင်း တာချီလိတ်မြို့နယ်ဓမ္မစကူးလ်အဖွဲ့က ထုတ်ပြန်ကြေညာထားသလို ၎င်း၏ ကိစ္စကို ပြည်နယ်သာသနာရေးမှူးရုံးအထိ တင်ပြထားရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေသည့် တာချီလိတ်မြို့မှ မနန်းဝေဝေမြင့်သည် ၎င်းအသုံးပြုနေသည့် Facebook နှင့် TikTok တို့၏ Profile ပုံများတွင် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်ပုံရိပ်ကို အသုံးပြုထားပြီး ၎င်း၏ ဖော်ပြ တင်ဆက်မှုများမှာ ဓမ္မစကူးလ်နှင့် လုံးဝ အပ်စပ်ခြင်းမရှိသည့်အတွက် ဓမ္မစကူးလ်ပုံရိပ် မညှိုးနွမ်းရန် Profile ပုံများကို ပြောင်းလဲပေးရေး တချီလိတ်မြို့ ဝေဠုဝန်မဂ္ဂင်ရိပ်သာကျောင်းတိုက်ဆရာတော်က ဖုန်းဖြင့် ဩဝါပေးပြီး မိန့်ကြားရသည်အဆင့်ထိ ဖြစ်နေကြောင်း သိရသည်။

၎င်း၏ ကိစ္စကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာချီလိတ်ခရိုင်/မြို့နယ် သာသနာရေးဦးစီးဌာနတို့က တာချီလိတ်မြို့နယ်ဓမ္မစကူးလ်ကော်မတီ နှင့် ပူးပေါင်း လုပ်ဆောင်နေသလို ယင်းအပြင် ပြည်နယ်သာသနာရေးမှူးရုံးအထိ အောက်တိုဘာလ(၁၅)ရက်နေ့က တင်ပြထားကြောင်း သိရသည်။

"ဘုန်းဘုန်းတို့အနေနဲ့ကတော့ သူ့ကို ဒီအလုပ်တွေ မလုပ်နဲ့ ဘာညာ တားမြစ်တာမဟုတ်ဘူး။ သူ့အနုပညာအလုပ် သူလုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ သူအသုံးပြုနေတဲ့ Facebook နဲ့ TikTok တို့ရဲ့ Profile ပုံကို ဓမ္မစကူးလ်ပုံရိပ် ပါတာမသုံးဖို့ အသိပေးတာပါ။ ဓမ္မစကူးလ်ပုံရိပ်ကို ဆက်လက်အသုံးမချတော့ဖို့ပေါ့။ အားလုံးလည်း မြင်တွေ့တဲ့အတိုင်းပါပဲ သူ့ရဲ့ ဝတ်စားဆင်ယင်မှုတွေ၊ သူဖော်ပြနေတာတွေ၊ တင်ပြနေတာတွေက သူ အသုံးပြုထားတဲ့ ဓမ္မစကူးလ် ပုံရိပ်နဲ့ လားလားမှ မသက်ဆိုင်ဘူး။ ဓမ္မစကူးလ်ကိုလည်း ကိုယ်စားမပြုသလို သက်ဆိုင်မှုလည်းမရှိဘူးဆိုတာကို အများသိစေချင်တာပါ"ဟု တာချီလိတ်မြို့နယ်ဓမ္မစကူးလ်ကော်မတီမှ ဆရာတော်တစ်ပါးက Tachileik News Agency ကို မိန့်ကြားသည်။

မနန်းဝေဝေမြင့်သည် တာချီလိတ်မြို့တွင် ၂၀၁၄ ပညာနှစ်တွင် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းကို တက်ရောက်ခဲ့ပြီးနောက် ဓမ္မစကူးလ်ဆရာမအဖြစ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အထိ ဓမ္မစကူးလ်ဒုတိယတန်းကို သင်ကြားပြသပေးခဲ့သူဖြစ်ပြီး ၎င်းသည် ဓမ္မစကူးလ်ဆရာမအဖြစ် လုပ်ကိုင်နေချိန်တွင် ဆိုရှယ်မီဒီယာများပေါ်တွင် ဓမ္မစကူးလ်နှင့်ပတ်သက်သော သူမ၏ လုပ်ဆောင်ချက်များကို တင်ပြရာမှ "နန်းဝေဝေမြင့်"ဟု တင်ရှားလာခဲ့ခြင်း ဖြစ်ပြီး Covid-19 ရောဂါပေါ်လာ၍ ဓမ္မစကူးလ်ကျောင်းများ ပိတ်ခဲ့ချိန်မှစပြီး ၎င်းသည် ဓမ္မစကူးလ်နှင့် ပတ်သက်သော လုပ်ငန်းများကို လုံးဝ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ်ဓမ္မစကူးလ်အဖွဲ့က ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် သဘာထားကြော်ငြာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မန္တလေးမြို့ ဖျော်ဖြေပွဲတစ်ခုတွင် သီချင်းဆိုကာ ဖျော်ဖြေရာ၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စသည် ဓမ္မစကူးလ်အဖွဲ့နှင့် မသက်ဆိုင်ဘဲ မနန်းဝေဝေမြင့်နှင့်သာ သက်ဆိုင်ကြောင်း သဘာထားကြော်ငြာချက်တွင် ဖော်ပြထားသည်။

မန္တလေးတွင် သီဆိုဖျော်ဖြေနေစဉ် ၎င်းဝတ်စားထားသည့် အဝတ်အစားကြောင့် ဝေဖန်မှုများ မြင့်တက်ခဲ့မှုနှင့် ပတ်သက်၍လည်း မနန်းဝေဝေမြင့်က ဝေဖန်တိုက်ခိုက်မှုများကို ဂရုစိုက်မည်မဟုတ်ကြောင်း ပြောကြားထားသည်။



"ဟာ သူက ဘာဖြစ်နေတာလဲ။ သူက ဒီလို လုပ်နေတာလား။ မရှက်ဘူးလားလို့ ပြောတာက နန်းက ရှက်ရမှာမဟုတ်ဘူး။ လာရေးတဲ့သူတွေ ရှက်ရမှာနော်။ ဆရာမလေး လုပ်ခဲ့တိုင်း ဒါမျိုးတွေ ဝတ်စားဆင်ယင်နေတယ်။ မိန်းမကောင်း မဟုတ်တော့ဘူးလို့ ပြောလို့မရဘူးလေ။ အလုပ်ကောင်းမဟုတ်တော့ဘူးလို့ ပြောဆိုဝေဖန်နေတာကတော့ နည်းနည်းလေး များသွားပြီလို့တော့ နန်းထင်တယ်။ အဲ့ဒါကြောင့်မို့ နန်းလုပ်နေတဲ့ အလုပ်အပေါ်ကို နားလည်ပေးရင် နားလည်ပေးပါ။ နားလည်မပေးရင်လည်း ဝေဖန်တိုက်ခိုက်တာတွေကို နန်း ဂရုစိုက်မှာ မဟုတ်ပါဘူးရှင့်"ဟု မနန်းဝေဝေမြင့်က ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က Myanmar View Media  နှင့် အင်တာဗျူးတွင် ယင်းသို့ ပြောသွားခြင်း ဖြစ်သည်။

မနန်းဝေဝေမြင့်၏ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး ယခင်ကတည်းက ၎င်း၏ TikTok နှင့် Facebook တို့တွင် Profile ပုံများကို ပြောင်းလဲပေးရန် တောင်းဆိုသူ အများအပြားရှိခဲ့သော်လည်း အရေးမစိုက်ခဲ့ဟု ဆိုသည်။



"သူ့ရဲ့ TikTok က ပိုစ့်တွေရဲ့ ကော်မန့်တွေမှာ သွားကြည့်ကြည့် သူ့ရဲ့ ဝတ်စားဆင်ယင်မှုကြောင့် Profile ပုံ ပြောင်းပေးဖို့နဲ့ ပြောင်းသင့်ကြောင်း ပြောနေသူတွေ ဟိုးအရင်ကနေ အခုထိပဲ ရှိနေကြတယ်။ Facebook မှာရော အဲ့လိုပဲ။ ဒါပေမဲ့ သူက ဒါကို အလေးမထားဘူး။ မပြောင်းဘူး။ သူ့အယူအဆက သူ နေရာတခုရလာတာက ဓမ္မစကူးလ်ကြောင့်။ ဒီပုံလေးကြောင့်ဆိုတဲ့ စိတ်အစွဲရှိဟန်တူပါတယ်။ ဒီစိတ်အစွဲကြောင့် သူမပြောင်းတာဖြစ်လိမ့်မယ်။ အဲ့လို မပြောင်းတော့ သူသည် ဓမ္မစကူးလ်ကို ကိုယ်စားပြုနေဆဲဖြစ်တယ်လို့ အများက ထင်မှာပေါ့။ အဲ့တော့ ဓမ္မစကူးလ် ပုံရိပ်ကို ထိခိုက်စေတယ်ဆိုတာ သူမသိတာလား မစဉ်းစားတာလားဆိုတာတော့ မပြောတတ်ဘူး။ သူ့ကို အခုလိုတွေ ပြောနေကြတာကို မနာလို လို့ ပြောကြတယ်လို့ သူက ထင်ကောင်း ထင်နိုင်တယ်။ သူ Profile ပုံပြောင်းလိုက်ရင် ဘယ်သူမှ ပြောမှာ မဟုတ်ဘူး။ အခုက အဲ့ဒါကြောင့် ပြောနေကြခြင်းပါ။"ဟု တာချီလိတ်မြို့နယ်အတွင်း ဓမ္မစကူးလ်ကျောင်းတော်တစ်ခုမှ သင်ကြားမှုဆရာမ တစ်ဦးက ပြောသည်။

Facebook နဲ့ TikTok တို့၏ Profile ပုံကို ဓမ္မစကူးလ်ပုံရိပ်များကို ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ နေ့လည်(၂)နာရီ (၁၅)မိနစ်အချိန်အထိ ပြောင်းလဲထားခြင်းမရှိဘဲ ဆက်လက်အသုံးပြုနေဆဲဖြစ်၍ ဆရာတော်များ၏ မိန့်ကြားချက်များကို မလိုက်နာပါက သာသနာညှိုးနွမ်းမှုဖြင့် အမှုဖွင့် အရေးယူနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ဓမ္မစကူးလ်ကျောင်းတော် သင်ကြားရေး ဆရာ၊ ဆရာမများက ပြောဆိုနေကြသည်။