မကွေးတိုင်း ရေစကြိုမြို့နယ်၌ ခလရ(၂၅၆)မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က သေဆုံးတပ်သားများနှင့် အရပ်သား(၂)ဦးနှင့် ဘုန်းကြီးတစ်ပါးတို့အား မြေမြုပ်သွားကြောင်း ရေစကြိုမြို့မယ် ပကဖ ထံမှ သိရသည်။
ခလရ(၂၅၆)မှထွက်လာသော ခန့်မှန်းအင်အား (၇၀)ခန့်သည် ဇီးကုန်းကျေးရွာသို့ ဝင်ရောက်ပြီးနောက်
ပြည်သူ့ကာကွယ်ရေးတပ်က ဇီးကုန်းနှင့် ဇီးကုန်းကျွန်းကျေးရွာကြားတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ဖက်တပ်ဖွဲ့အကြား (၁)နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ထံမှ MA-3 တစ်လက်၊ ၎င်းကျည်ဘောက် (၄)ခု၊ MA-11တစ်လက်နှင့် ၎င်းကျည်ဘောက်(၃)ခု၊ ၅.၅၆ မမ ကျည် (၂၇၅)တောင့်၊ အီနာဂါဗုံးသီး တစ်လုံးတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။
ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်(ပ.က.ဖ)မှ ရဲဘော်နွေဦး ကျဆုံးပြီး ကျန်ရဲဘော်(၂)ဦးမှာလည်း မစိုးရိမ်ရဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ဇီးကုန်းကျေးရွာသို့ နယ်မြေရှင်းလင်းရာ ဇီးကုန်းကျေးရွာမှ ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ(၂)ဦး၊ စစ်ကောင်စီ တပ်သား အလောင်း (၆)လောင်းတို့အား မြေမြုပ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
#TachileikNewsAgency
Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်