တာချီလိတ်မြို့တွင် ဘတ်(၃၀,၀၀၀)ရယူပြီး ဝယ်လက်ထံ မူးယစ်ဆေးဝါး ပို့ဆောင်ပေးသူ (၂)ဦး ဖမ်းခံရ

တာချီလိတ်မြို့တွင် ဘတ်(၃၀,၀၀၀)ရယူပြီး ဝယ်လက်ထံ မူးယစ်ဆေးဝါး ပို့ဆောင်ပေးသူ (၂)ဦး ဖမ်းခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)အတွင်း ငွေကြေးရယူပြီး မူးယစ်ဆေးဝါး ပို့ဆောင်ပေးသည့် အမျိုးသား(၂)ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား (၁)သိန်းကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)အတွင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲစု(၃၀)တာချီလိတ်မှ ရဲတပ်ကြပ်ကြီး ခိုင်မင်းဦး၏ သတင်းပေးများကနေ တဆင့် သတင်းရရှိပြီး စောင့်ဆိုင်းဖမ်းဆီးရာမှ စိုင်းဝါဆဝ(ခ)စိုင်းလိတ် နှင့် အိုက်ကျင် တို့ (၂)ဦး မောင်းနှင်လိုက်ပါလာသည့် ကား၏ နောက်ဖုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁)သိန်း (၈,၀၀၀)ပြားကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဝါဆဝ(ခ)စိုင်းလိတ် နှင့်  အိုက်ကျင် တို့ (၂)ဦးသည် မူးယစ်ဝါးများကို ပိုင်ဆိုင်သူများမဟုတ်ဘဲ   စိုင်းတီဆိုသူထံက မူးယစ်ဆေးဝါးပို့ဆောင်ခ ထိုင်းဘတ်ငွေ (၃၀,၀၀၀)ရယူပြီး ပို့ဆောင်ပေးရာမှာ ယခုလို ဖမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။



စိုင်းဝါဆဝသည် အိုက်ကျင်အား ၎င်းရရှိသည့် ပို့ဆောင်ခ ဘတ်ငွေ (၃၀,၀၀၀)ထဲကနေ ဘတ်(၁၀,၀၀၀)ကို ပေးမည်ဖြစ်သည့်အတွက် အဖော်လိုက်ပေးရန် ပြောဆိုပြီး ခေါ်ဆောင်ရာမှ အိုင်ကျင်မှာ စိုင်းဝါဆဝ နှင့််အတူ လိုက်ပါလာခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်မှာ အသက် (၂၅)နှစ်အရွယ် စိုင်းတီ ဆိုသူဖြစ်ပြီး ၎င်းနှင့် မူးယစ်ဆေးဝါးပို့ဆောင်ပေးသူတို့အကြား မူးယစ်ဆေးဝါးများကို ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)အတွင်းရှိ KTV တစ်ဆိုင်တွင် စောင့်ဆိုင်းနေသည့် အမာခံ ဝယ်လက်ထံ ပေးခဲ့ပြီး ထိုင်းဘတ်ငွေ (၃)သိန်း ယူလာရန် နှင့် ပို့ဆောင်ပြီး ငွေယူလာပြီးနောက် ၎င်းတို့အား ဘတ်(၃၀,၀၀၀)ပေးမည်ဟု ပြောဆို သဘောတူထားကြောင်း သိရသည်။



ဆက်လက်၍ ဟောင်လိတ်နယ်မြေရဲစခန်းတွင် ရဲအုပ်ခင်ကိုကို က တရားလို ပြုလုပ်ပြီး မယ(ပ)၈၂/၂၀၂၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖြစ်ထားကာ ထွက်ပြေးလွတ်မြောက်နေသည့် အသက်(၂၅)နှစ်အရွယ် စိုင်းတီ အား ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။