တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုကို ကျော်လွန်ခဲ့ပြီးနောက် တင်ကျန်နေသည့် ရွှံ့နွံများစွာကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့အထိ ရှင်းလင်းရေး ပြုလုပ်နေလျှက်ရှိရာ ရွံ့နွံများကို တင်ဆောင်သည့် ကားပေါ်ကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် ရွံ့များ ပြုတ်ကျမှုကြောင့် ဆိုင်ကယ်များမှာ လမ်းချော်ပြီး တိမ်းမှောက်ရာမှ ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားနေကြောင်း သိရသည်။
"ရောက်လာတဲ့ လူနာတွေထဲမှာ လက်ကျိုးတဲ့ လူနာလည်းပါသလို ကလေးငယ်လေးတွေလည်းပါတယ်။ များသောအားဖြင့် လက်တွေ ဒဏ်ရာရတာများတယ်။"ဟု ဆေးခန်းတစ်ခုမှ အမည်မဖော်လိုသူ တစ်ဦးက ပြောပြသည်။
ဆိုင်ကယ်ကို ထိန်းမောင်းသော်လည်း ဘရိတ်အုပ်လိုက်၍ စလစ်ဖြစ်သည်က များသည်ဟုလည်း သိရသည်။
"ကျွန်တော့်ဆိုင်ရှေ့ကနေ တွေ့နေရတယ် ဆိုင်ကယ်တွေ တော်တော်များများ တိမ်းမှောက် လဲနေကြတာ။ အရှိန်နဲ့မောင်းကြတာ မဟုတ်ဘဲ ဘရိတ်အုပ်လိုက်ပြီး စလစ်ဖြစ်သွားကြတာ။ အနောက်က ကားက ကလည်း ဘရိတ်အုပ်တာ နည်းနည်းရမ်းပြီး ဆိုင်ကယ်ကို အနောက် စောင့်မိတာတို့ အတော်လေးဖြစ်တယ်ဗျ။ ဒီအတိုင်း ဘယ်နှစ်ရက် ဆက်ဖြစ်နေမလဲမသိဘူး"ဟု ဆန်ဆိုင်းရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
လမ်းပေါ် ပြုတ်ကျခဲ့သည့် ရွှံ့များကြောင့် ဆိုင်ကယ်အပြင် ကားမောင်းသူများအတွက်ပါ အန္တရာယ်ရှိစေသည်ဟု ဆိုသည်။
"လမ်းပေါ် ရွံ့နွံတွေထူတော့ ဆိုင်ကယ်တွေ ဖြေဖြေးမောင်းလဲချောပြီး မှောက်တာဘဲ။ ကားလဲ လီဘာနင်းရင် နောက်ဘီးချော်တယ်။ အဝိုင်းထိပ်ကနေ သယ်လို့ မြို့ပြင်ထိ တစ်ဖက်ခြမ်းက ရွံ့နွံတွေများပြီး အပြန်နောက်တစ်ဖက်က ရွံ့တွေသိပ် မရှိဘူး။"ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဆိုင်ကယ်အား ထိန်းမောင်းသော်လည်း ရွံ့ကြောင့် တိမ်းမှောက်ပြီး လက်ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးကလည်း အခြေအနေကို ပြောပြသည်။
"ကျွန်မလည်း ဆိုင်ကယ်မှောက်သွားတာ။ လက်တောင် မလှုပ်နိုင်ဘူး။ ဖြေးဖြေးလေး ထိန်းမောင်းတာတောင် အဲ့ဒီရွံ့တွေကြောင့် ဆိုင်ကယ်က ချော်သွားပြီး လဲသွားတာ။ တချို့က တဖက် ခြောက်တဲ့လမ်းကနေ ရွေးသွားတဲ့ လမ်း ခြောက်နေတဲ့ဘက်က ရွေးသွားလို့ မရဘူး။ အဲ့လိုသွားရင် မျက်နှာချင်းဆိုင်လာတဲ့ ကားဆိုင်ကယ်တွေနဲ့က တိုက်မိဦးမှာ"ဟု ဆိုင်ကယ်လဲပြီး လက်ဒဏ်ရာရရှိခဲ့သူ တစ်ဦးက ပြောသည်။
နေ့ပိုင်းအချိန်တွင် မြေကားပေါ်က ရွှံ့များ ပြုတ်ကျနေချိန် ပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များ သွားလာနေကြ၍ အန္တရာယ်ရှိစေသည့်အတွက် ဒေသခံ တစ်ဦးက ၎င်း၏ အမြင်ကိုလည်း အကြံပြုထားသည်။
"နေ့ပိုင်း လုပ်တာလည်း လုပ်တာပေါ့။ လူတွေကလည်း စားဝတ်နေရေးအတွက် လမ်းပေါ် မထွက်ချင်ဘဲ မတတ်သာလို့ ထွက်နေရတာ။ ရွှံ့သယ်တဲ့ လမ်းတလျှောက် ဆိုင်ကယ်တွေလဲကျတာ ခဏခဏပဲ။ ဒီလုပ်ငန်းတွေကို ညပိုင်းမှာ အင်တိုက် အားတိုက်လုပ်ရင်ကော မရနိုင်ဘူးလား"ဟု ဒေသခံ တစ်ဦးက အကြံပြုပြောဆိုသည်။
"မနက်က ဆိုင်ကယ် တစ်စီးလဲတယ်။ အနောက်မှာ ကလေးငယ်လေးနဲ့ ဆိုင်ကယ်တွေက နောက်ဘရိတ်အုပ်လို့ မရဘူး ချော်မှာ ဆိုးလို့ ခြေထောက် ထောက်နေရတော့လေ။ Hand Break ပဲ သုံးတော့ အဲ့မှာ လဲတော့တာပဲ"ဟု ၎င်းမြင်တွေ့ရသည့် အခြေအနေကိုလည်း ပြောပြသည်။
ပြည်သူများ သွားလာနေစဉ် အန္တရာယ်ကင်းရေးအတွက် မြေသယ်ကားပေါ်က ရွှံ့နွံများ မပြုတ်ကျရေး အကောင်းဆုံး စီမံသင့်သည်ဟု လုပ်ငန်းရှင် တစ်ဦးကလည်း အကြံပြုထားသည်။"
"ရွှံ့နွံတွေ သယ်တဲ့ ယာဉ်တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုလို ဖြစ်နေတာကတော့ လမ်းပေါ်လည်း ရွှံ့တွေ တင်ကျန်သလို ယာဉ်မောင်းသူတွေအတွက်လည်း အရမ်းအန္တရာယ်များတယ်။ လက်ကျိုးတာတွေ သွေးထွက်သံယိုဖြစ်တဲ့အထိတွေ ရှိတယ်ဆိုတာကိုလည်း ကြားနေရတယ်။ လမ်းပေါ်ကျတဲ့ ရွှံ့တွေကို ရေနဲ့ ထိုးချပေးလိုက်မယ်လို့ တွေးလို့မရဘူး။ ရေထွက်ပေါ် ကောင်းကောင်းမရှိသလို ဒီရွံ့တွေက မြောင်းတွေပါ ပိတ်မှာ။ အဓိက က အခုလို ရွှံ့နွံသယ်ဆောင်တာနဲ့ပတ်သက်ပြီး စနစ်တကျဖြစ်ဖို့ သက်ဆိုင်ရာက ကောင်းကောင်း စီမံပေးသင့်တယ်။ ဒီအတွက် လုပ်ငန်းရှင်တွေဘက်ကလည်း လှူထားတဲ့ အလှူငွေတွေလည်းရှိနေတာပဲ အဲ့တော့ လမ်းပေါ် ရွှံ့နွံတွေ မပြုတ်ကျရေးအတွက် လိုအပ်တာလည်း လုပ်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ခရိုင် နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့လည်း ဒီအခြေအနေကို သိနေတာပဲ အကောင်းဆုံး မစီစဉ်ပေးနိုင်တော့ဘူးလား"ဟု အမည်မဖော်လိုသည့် အိမ်ခြံမြေ လုပ်ငန်းရှင် တစ်ဦးက အကြံပြုထားသည်။
တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့်အတူ ရွှံ့နွံများ ဖုံးလွှမ်းသွားမှုကြောင့် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့အထိ ဆက်လက်ရှင်းလင်းနေရဆဲဖြစ်ရာ ရွှံ့များကို မြေသယ်ကားဖြင့် သယ်ဆောင်ပြီး မြို့ပြင်သို့ သွားရောက်စွန့်ပစ်ရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် ပြုတ်ကျနေခြင်းကြောင့် ယာဉ်များ တိမ်းမှောက်ကြခြင်းဖြစ်သည်။
#TachileikNewsAgency