လူရာနှင့်ချီ ပျောက်ဆုံးနေဆဲ လွိုင်လင်မြို့နယ်တွင်း ရေကြီးမြေပြိုမှုများမှ ပြန်လည်ထူထောင်ရန် အကူအညီလိုအပ်နေ

လူရာနှင့်ချီ ပျောက်ဆုံးနေဆဲ လွိုင်လင်မြို့နယ်တွင်း ရေကြီးမြေပြိုမှုများမှ ပြန်လည်ထူထောင်ရန် အကူအညီလိုအပ်နေ
စက်တင်ဘာ 19, 2024 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရုတ်တရတ် ရေကြီးမြေပြိုမှုကြောင့် လူ ၂၀ ကျော်သေဆုံးပြီး ပြန်လည်ထူထောင်ရေးအကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့မှစတင်ပြီး လွိုင်လင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရတ်ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကာ လတ်တလောကောက်ယူထားသည့် စာရင်းများအရ ခေါင်းနွဲကျေးရွာအုပ်စုတွင် လူ (၂၀) ကျော်သေဆုံးပြီး ၊ နေအိမ် (၅၄)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ရေကြီးတော့ လွိုင်လင်တိုးဂိတ်ကစပြီး စက်လှေစီးရတယ် ၊ ကြားထဲ ခေါင်းနွဲတောင်က လမ်းက အကုန်ပြိုကျသွားတယ်။ တွဲကားတွေပါသွားတယ်၊ တောင်အောက်ထဲ။ အောက်က ရွာပေါ်ကျတာ ၊ ကားတွေရော မြေတွေရော။ အခုက တစ်မြို့နဲ့ တစ်မြို့ကြားက တောင်တက်လမ်းတွေ အကုန်ပြိုတာ” ဟု လွိုင်လင်မြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လက်ရှိအချိန်တွင် လွိုင်လင်မြို့နယ်အတွင်း စက်တင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်းမှစတင်ပြီး ဖုန်းလိုင်းတချို့ ပြန်လည်ရရှိပြီဖြစ်သော်လည်း ရေကြီးမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လွိုင်လင်နှင့် မိုင်းပွန်ကြားကားလမ်းမှာ သွားလာ၍ မရသေးဘဲ ပိတ်မိနေသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

“လွိုင်လင်မြို့အထွက်က လမ်းကို မမြင်ရသေးဘူး စုပ်ထုတ်နေရတယ်။ ရေစုပ်စက်တွေနဲ့ ရေပြင်ကြီးဖြစ်နေတာ။ ကူညီတွေကယ်ဆယ်ရေးတွေကတော့ လုပ်နေကြတာပဲ။ ဖုန်းတောင်ဆက်မရတော့ မနည်းပေါ့”ဟု လွိုင်လင်မြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့အထိ တောင်ကြီးနှင့် လွိုင်လင်ခရိုင်အတွင်း ရေဘေးသင့်ဆဲ ကျေးရွာပေါင်း အနည်းဆုံး (၁၅၀) ကျော်ခန့်ရှိပြီး ၊ လူဦးရေ (၁၀၀)ခန့် ပျောက်ဆုံးနေဆဲဖြစ်ကာ၊ ဒေသတွင်း အဓိက ဆက်သွယ်ပို့ဆောင်ရေး လမ်းပိုင်းနှင့် တံတား တဒါဇင်ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း Pa-O Youth Organization အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

အဆိုပါ ရေဘေးသင့် ကျေးရွာများတွင် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်းများ အရေးတကြီးလိုအပ်နေသည့် ရေဘေးသင့်ပြည်သူ (စစ်ရှောင်ပြည်သူများအပါအဝင်) လူဦးရေ အနည်းဆုံး တစ်သိန်းခန့်ရှိပြီး အစားအသောက်၊ တကိုယ်ရေသုံးပစ္စည်း၊ အဝတ်အထည်နှင့် စောင်ခြင်ထောင်၊ အမိုးအကာနှင့် ဆေးဝါးများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်၌ စတင်ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကာ မြန်မာပြည်အတွင်း လူဦးရေ ထောင်နှင့်ချီ၍ သေဆုံး၊ပျောက်ဆုံးခဲ့ပြီး၊ ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇)သိန်းခန့် ထိခိုက်နိုင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရမှ အသိပေးထားသည်။

#TachileikNewsAgency

Photo : CJ (လွိုင်လင်မြို့နယ်အတွင်း ရေကြီးမြေပြိုမှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ပျက်စီးခဲ့ရသည့် မြင်ကွင်းများ)