တာချီလိတ် နှင့် မယ်ဆိုင်အကြား ကားနှင့်ဆိုင်ကယ်များ သွားလာနိုင်ပြီး စလစ်အတွက် ရက်လွန်ကြေး မပေးရ

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကားနှင့်ဆိုင်ကယ်များ သွားလာနိုင်ပြီး စလစ်အတွက် ရက်လွန်ကြေး မပေးရ
စက်တင်ဘာ 18, 2024 | ရှမ်းရှေ့

 ဆိုးရွာသည့် ရေကြီးရေလျှံ ရေဖုံးလွှမ်းမှုကြောင့် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်ကနေ ကားနှင့်ဆိုင်ကယ်များ ဖြတ်သန်း၍ မရခဲ့ရာမှ ယနေ့  ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့က စပြီး သွားလာ၍ ရပြီဖြစ်ကြောင်းနှင့် ကား/ဆိုင်ကယ် စလစ် ရက်လွန်ကြေး မပေးရကြောင်း သိရသည်။  



"စလစ်စာရွက် သွားအပ်ရင်တော့ ကား ဆိုင်ကယ် ယူသွားရမယ်။ ပုံမှန်ဆိုရင် ရက်လွန်ကြေးက ဘတ်(၁၀၀၀)တောင်ပေးရတယ်။ ဒီနေ့က ရက်ကျော်ကြေး မပေးရဘူး။ ရက်လွန်ကြေးနဲ့ပတ်သက်ပြီး မေးကို မမေးတာ။ စလစ်ကို ပြန်အပ်လိုက်ရုံပဲ"ဟု ယနေ့ စက်တင်ဘာလ(၁၈)ရက်နေ့တွင် စလစ်စာရွက် သွားအပ်ခဲ့သူ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

တာချီလိတ်နှင့်မယ်ဆိုင်အကြား ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စပြီး ရေဖုံးလွှမ်းမှုအထိ ဖြစ်ပွားခဲ့ရာမှ ကားနှင့်ဆိုင်ကယ်များ သွားလာ၍ မရတော့ဘဲ ယနေ့ စက်တင်ဘာလ(၁၈)ရက်နေ့မှသာ သွားလာ၍ ရခြင်းဖြစ်ကြောင်း သိရသည်။

"ဒီမနက်က ဆိုင်ကယ်ပဲရတယ်။ အခုနေ့လည်မှာတော့ ကားလည်းသွားလို့ရပြီ"ဟု ၎င်းက ဆက်လက်ပြောပြသည်။

စလစ်သက်တမ်းတိုးရာတွင် ကား ဆိုင်ကယ်များကို ယူလာပြရမည် ဖြစ်သည့်အတွက် လက်ရှိ တာချီလိတ်မြို့နယ်အတွင်း ရွံ့နွံများနှင့် ဖုံးနေသည့် ကားဆိုင်ကယ်များ၊ အိမ်ပြိုမှုအတွင်းပါသွားသည့် ကားဆိုင်ကယ်များကို ထုတ်ယူလာရန်  အဆင်မပြေသည့် အနေအထားများရှိနေသည့် အတွက် စလစ်သက်တမ်းတိုးရာတွင် လုပ်ဆောင်ရမည့် ကိစ္စ အပါအဝင် ရေနစ်မြုပ်နေသည့် နေအိမ်များမှ ကားဆိုင်ကယ် စလစ်များမှာ ရေထဲ ပါသွားသည်များလည်း ရှိနေရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ် နှင့် မယ်ဆိုင်အကြား တာချီလိတ်ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးထားခြင်း ရှိ မရှိကိုတော့ သတင်းထုတ်ပြန်ထားခြင်းမရှိ၍ မသိရသေးပေ။