အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုများနှင့် ကြုံနေရသည့် ကာလအတွင်း တာချီလိတ်မြို့တွင် လင်မယားအတွဲ ဆိုင်ကယ်တစ်စီးဖြင့် ပတ်သွားပြီး လုယက်မှုများ လုပ်ဆောင်နေကြောင်း နှင့် ယခု ကာလအတွင်း လင်မယားစုံတွဲ နှစ်ဦး၏ လုယက်မှုများမှာ ဆိုးရွားနေကြောင်း သိရသည်။
"အစ်မရဲ့ ပိုက်ဆံအိတ် လုခံရတာ။ လုတဲ့လူက လင်မယားနှစ်ယောက် ကလေးက ပါသေးတယ်။ ဆိုင်ကယ်နဲ့လိုက်ပြီး လုသွားတာ။ တာချီလိတ်ကြီးက စုတ်ပြတ်သတ်နေပြီး ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူကြတယ် လုခံရတဲ့အစ်မဆို ရေတက်လို့ အကုန်ဆုံးရှုံးထားတာ။ "ဟု လုခံရသူနှင့် ဆွေမျိုးတော်စပ်သူက ပြောပြသည်။
လင်မယားစုံတွဲအဖွဲ့မှာ တစ်ကြိမ်တည်းသာမဟုတ်ဘဲ နေရာတော်တော်များများတွင် ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်ပြီး လုယက်နေခြင်း ဖြစ်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် ဒေသခံများကလည်း အားမလို အားမရဖြစ်နေသည်။
"အသိတစ်ယောက် ဖုန်းခိုးခံရတုန်းကလည်း မိန်းမနဲ့ယောက်ျား။ ယောကျာ်းဖြစ်သူက ဆိုင်ကယ် စက်နိုးပြီး စောင့်နေတာ။ အဲ့လင်မယား နှစ်ယောက်ကို ခုထိ မဖမ်းနိုင်သေးဘူး။ ရဲတွေလည်း ကြံရာပါ ဖြစ်နေပြီလားမသိဘူး။"ဟု ဒေသခံ တစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ ညပိုင်းကလည်း ဈေးဝယ်သွားသည့် အမျိုးသမီးအား မိသားစု(၃)ဦး ဆိုင်ကယ်ဖြင့် နောက်ယောင်ခံ လိုက်လာပြီး ပိုက်ဆံအိတ် လုယက်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်တစ်ဦးက Facebook ပေါ်တွင် ရေးသားကာ အသိပေးထားသည်ကို တွေ့ရသည်။
"ချောင်းနေတဲ့ မိသားစုသုံးယောက်က နောက်ကပါလဲ သတိမထားမိလိုက်ဘူး။ ဘုရင့်နောင်လမ်းထိပ် နဲ့ ဆေးရုံပေါက်လမ်းလယ်လည်း ရောက်ရော ဆိုင်ကယ်နဲ့ အနောက်က ဘွားကနဲ ပေါ်လာပါရော။ အနောက်က မိန်းမက လက်တဖက် ကိုယ့်ဖက်ကို ထွက်လာတာ ကိုယ့်မှာ မျက်စိတွေပါ ပြာပြီး ငါ့ပိုက်ဆံအိတ်လုတာပဲဆိုပြီး ကြောက်ကြောက်နဲ့ပြန်ဆွဲလိုက်တာ သူတို့ဆိုင်ကယ်က နည်းနည်းယိုင်ပြီး ပါလာတာ သူကဆောင့်ဆွဲချလိုက်တာ ပိုက်ဆံအိတ်က ကြိုးပြတ်ပြီး သူ့လက်ထဲပါသွားတယ်"ဟု လုယက်ခံရသူ အမျိုးသမီးတစ်ဦးက စက်တင်ဘာလ(၁၇)ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားကာ အသိပေးထားခြင်း ဖြစ်သည်။
လုယက်သူသည် မိသားစု(၃)ဦးဖြစ်ပြီး ယောက်ျားဖြစ်သူမှာ ဆိုင်ကယ်မောင်းပြီး အလယ်တွင် ကလေးငယ်ကို တင်ဆောင်ကာ အနောက်တွင် ခပ်ပိန်ပိန်အမျိုးသမီးက လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။
"ခေတ်ကလအခြေနေက ရေကြီးလို့ ဆိုင်ကပစ္စည်းတွေကလည်း ပြန်ရစရာ တခုမှ မရှိပါဘူးဆိုမှ လက်ထဲရှိသမျှ ပိုက်ဆံလည်း အကုန်ပါသွား။ ဖုန်းတလုံးရယ် မှတ်ပုံတင်ပါ ပါသွားတော့ စိတ်ဓာတ်တွေလည်း ဟိုးအောက်ဆုံးထိ ရောက်ချင်သွားတယ်။ တကယ်ပါ တာချီလိတ်မှာ နေတဲ့သူများ သတိနဲ့သွားကြပါလို့ ကိုယ်ဖြစ်တာတောင် အစောကြီးပဲ ရှိသေးတယ် ဒီလောက်ရဲတင်းနေရင် နောက်ဆိုမတွေးဝံ့တော့ဘူး"ဟု ၎င်းက အခြားသူများ သတိထားသွားလာနိုင်ရန်အတွက် အသိပေး ရေးသားထားခြင်း ဖြစ်သည်။
နည်းလမ်းမျိုးစုံဖြင့် လုယက်မှု ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ယခုအခါမှာ လင်မယားအတွဲ အပြင် ကလေးငယ်ပါ ဆိုင်ကယ်ဖြင့် တင်ဆောင်ပြီးကာ မိသားစုတစ်ဖွဲ့ အသွင်လုပ်ဆောင်ပြီး လိုက်လံ လုယက်နေခြင်းဖြစ်ရာ မြို့ပေါ် ရပ်ကွက်များတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
"ညနေပိုင်း ဘုရင့်နောင်ဈေးရှေ့က လမ်းသွယ်မှာနေ ဈေးသွားဖို့ လမ်းလျှောက်လာတုန်း လင်မယားနှစ်ဦး Wave ဆိုင်ကယ်နဲ့ မောင်းလာပြီး အနားကတ်နေ ဖြေးဖြေး ကပ်မောင်းလာပြီးတော့ ဖုန်းလုပ်သွားတယ်။ ယောက်ျားက ဆိုင်ကယ်မောင်းပြီး မိန်းမဖြစ်သူက အနောက်က ထိုင်ပြီး လှမ်းလုတာ"ဟု ဆယ်ကျော်သယ်အရွယ် မိန်းကလေးတစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၁၈)ရက်နေ့တွင် ပြောပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၁၄)ရက်နေ့ နေ့လည်ပိုင်းကလည်း တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်မရောက်မီ ဆက်သွယ်ရေးကုန်း လမ်းဆုံ နှင့် အထက(ပုန်းထွန်)သို့ ဖြတ်ဆင်းရသည့် ကုန်းအဆင်းတွင်လည်း လင်မယားနှစ်ဦးက အမျိုးသမီးတစ်ဦးကို တို့ဆေးဖြင့် တို့ပြီး ထိုင်းဘတ်ငွေ (၆၀,၀၀၀) တောင်းယူသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။
တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုကို အခွင့်ကောင်းယူပြီး ရပ်ကွက်များအတွင်း အုပ်စုဖြင့် လှည့်လည်ကာ ခိုးနေသည်များမှာလည်း စက်တင်ဘာလ(၁၇)ရက်နေ့ ညပိုင်းအထိ တာလော့ရပ်ကွက်တွင်း၌ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က စပြီး ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြောင့် ဒေသခံများမှာ အကြီးမားဆုံး ဆုံးရှုံးမှုနှင့် ကြုံခဲ့ရသလို ယနေ့ စက်တင်ဘာလ(၁၈)ရက်နေ့အထိ ပြန်လည်ထူထောင်ရေးမလုပ်ဆောင်နိုင်သေးသည့် ကြားက ခိုးဆိုးလုယက်မှုနှင့်ပါ ကြုံနေရခြင်း ဖြစ်သည်။